မိအေးတို့လည်း အာဏာရှင်တွေဘဲ ( ဆောင်းပါး )

မိအေးတို့လည်း အာဏာရှင်တွေဘဲ ( ဆောင်းပါး )
စက်တင်ဘာ 30, 2015
By Tachileik News Agency

ဒီနေ့ ကျောင်းသုံးရက်ပိတ်တာနဲ့ ကြုံလို့ ကျွန်တော့်အဖေရဲ့ ညီဝမ်းကွဲ ဦးလေးထွန်းမြင့်တို့ဆီ သွားလည် ဖြစ်ပါတယ်။ ရွေးကောက်ပွဲ ကျင်းပမဲ့ အချိန်ကလည်း နီးလာပြီဆိုတော့ ရှေးမီနောက်မီဖြစ်တဲ့ ဦးလေးထွန်းဖြတ်သန်း လာခဲ့တဲ့ ရွေးကောက်ပွဲ အတွေ့အကြုံတွေ နဲ့ လက်ရှိ ရွေးကောက်ပွဲအပေါ် အမြင်တွေကို သိချင်တာကြောင့် တကူးတက သွားလိုက်တာပါ။

မိအေးတို့လည်း အာဏာရှင်တွေဘဲ  | ဆောင်းပါးရှင်။  ။ ဦးခင်မောင်မြင့်(ရွှေမဟာ)

"ဟကောင်ရ ခုလုပ်မဲ့ ရွေးကောက်ပွဲကို လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မယ်လို့ မင်းထင်နေသလား။ ငါတော့ မထင်ပေါင်ကွာ။ ကြည့်လေ လုပ်နေကြတဲ့ မဲစာရင်းတွေ၊ သေပြီးသူတွေတောင် တမလွန်ကလာပြီး မဲပေးခိုင်းလို့ခိုင်း၊ တကယ်အသက်ထင်ရှားရှိသူတွေကျ စာရင်းမှာမပါ။ ဒါလေးတောင်မှ မှန်ကန်မှုမရှိရင် မှန်မှန်ကန်ကန် မလုပ်နိုင်ရင် ဘာကို မှန်ကန်ပါ့မယ်လို့ ငါတို့က ယုံရမလဲ.."

"မင်းတို့ပြောတော့ အိုင်တီခေတ်တွေ၊ ကွန်ပျူတာခေတ်တွေနဲ့ လေတစ်လုံး မိုးတစ်လုံးပြောပြီး ဒီမဲစာရင်း
ကိုတော့ မှန်အောင်လုပ်သင့်တာပေါ့"'

ဦးလေးထွန်းက ခရီးရောက်မဆိုက် စကားနာထိုးပါလေရော။ "ဒါကတော့ဦးလေးရယ် အများနဲ့ဆိုတော့
အနည်းနဲ့အများ မှားတတ်ကြပါတယ်"

"ဒါမှားစရာလား။ ဒါဟာ တိုင်းပြည်ကံကြမ္မာ ပြည်သူပြည်သားတွေရဲ့ အနာဂတ်ဘဝတွေကွ။ တို့ခေတ်တုန်းက ဘာကွန်ပျူတာမှလည်း မရှိဘူး။ ငါ ပထမဆုံး မဲပေးခွင့်ရခဲ့တဲ့ သန့်ရှင်းနဲ့တည်မြဲ ဖဆပလ ရွေးကောက်ပွဲက အရှင်းဆုံးဘဲ"။

"၁၉၆၀ ပါလီမန်ဒီမိုကရေစီ နောက်ဆုံးရွေးကောက်ပွဲကိုပြောတာလား ဦးလေး"

"အင်း.. ဒီတုန်းက ဦးနုနဲ့သခင်တင်တို့ ဦးဆောင်တဲ့ သန့်ရှင်းဖဆပလနဲ့ ဦးဗဆွေ ဦးကျော်ငြိမ်းတို့ဦးဆောင်တဲ့ တည်မြဲဖဆပလတို့ အဓိက မဲပြိုင်ရွေးကြတာပေါ့။ ဦးနု သန့်ရှင်းဖဆပလက မဲပုံးအနီ၊ ဦးဗဆွေတို့ တည်မြဲ ဖဆပလက မဲပုံးအပြာလေ။ သန့်ရှင်းရော တည်မြဲရော လွတ်လွတ်လပ်လပ် မဲဆွယ်တရားဟောကြ။

မဲလာထည့်သူတွေကို အစားအသောက်တွေ လက်ဆောင်တွေပေးပြီး ကိုယ့်ဘက် သူ့ဘက် အပြိုင်မဲဆွယ်ကြတာ တယ်လည်း လွတ်လပ်သကိုး။ နောက်ဆုံး ဦးနု သန့်ရှင်းဖဆပလကအပြတ်အသတ် အနိုင်ရသွားပေမဲ့ မဲလိမ်တာ မဲခိုးတာ မသမာလုပ်တယ်လို့ကို မကြားခဲ့ရဘူး။"

"အဲ.. ရယ်စရာတော့ ပြောရဦးမယ်။ အဲဒီတုန်းက တည်မြဲ ဖဆပလက ငွေအား လူအား တော်တော်သုံးခဲ့တာကိုး၊ မဲလာထည့် မဲ့လမ်းမှာ မဲလာထည့်သူတွေကို အစားအသောက်တွေ ကျွေးတာ၊ ပဝါတစ်ထည်ကအစပေးပြီး စည်းရုံးတာ မဲဆွယ်တာ မင်းတို့ကို မြင်စေချင်တယ်။ မဲပေးဖို့လာတဲ့ သူတွေက သူတို့ပေးသမျှယူတယ်။

"အပြာပုံးမှာ မဲထည့်ရမှာနော်"လို့မှာတော့လည်း ခပ်ပြုံးပြုံးနဲ့ ခေါင်းကိုယ်စီညိတ်လို့ပေါ့။ ဒီအခြေအနေပေါ်
ကြည့်ပြီး တည်မြဲအဖွဲ့က သေချာပေါက်နိုင်ပြီလို့ တွက်နေကြတယ်။ ညနေ မဲရုံပိတ်ပြီး နှစ်ဖက် မဲရုံကိုယ်စား
လှယ်တွေရှေ့မှာ မဲလည်းရေရော တည်မြဲဖဆပလရဲ့ မဲပုံးအပြာထဲမှာ မဲမရှိသလောက်ပါဘဲ။ သန့်ရှင်းမဲပုံးထဲ မှာ ချည်းထည့်သွားကြတာ။ တည်မြဲအဖွဲ့ မဲရုံကိုယ်စားလှယ်ရဲ့ မျက်နှာလေး ဇီးရွက်လောက်ဖြစ်သွားတာ ခုထိမြင်နေမိသေးတယ်။"

"ငါ အံ့ဩတာက.. ဘယ်ပါတီနဲ့မှ မသက်ဆိုင်တဲ့ ပြည်သူတွေမဲဟာ သန့်ရှင်းကိုထည့်သွားတာ မထူးဆန်းပေမဲ့ တည်မြဲအဖွဲ့နဲ့အတူ မဲဆွယ်ပေးနေတဲ့ သူတွေ ငါတို့ မဲရုံစာရင်းမှာ လေးဆယ်ကျော်ရှိတယ်။ ဒါပေမဲ့ သူတို့ထဲက နှစ်ဆယ်လောက်သာ တည်မြဲထဲကို ထည့်သွားတာ။ ကျန်သူတွေက သန့်ရှင်းကို အားပေးသွားတာဘဲ။

"ဒါနောက်ကျော ဓားနဲ့ထိုးသွားတာပေါ့နော် ကိုထွန်း" အနားမှာထိုင်နေတဲ့ ဦးထွန်းရဲ့ဇနီးသည် ဒေါ်ပန်းအေး က ဝင်ပြောတယ်။

"ဒီလိုတော့ မဟုတ်နိုင်ပါဘူး ဒေါ်လေးရယ်။ လူတွေက အခြေအနေ အကြောင်းကြောင်းကြောင့် ဝင်လုပ်ပေး
နေရပေမဲ့ တကယ်တမ်း ရွေးချယ်ပြီဆိုရင် သူတို့အသည်းကြားက မဲတစ်ပြားကို ဦးနှောက်နဲ့ ဆင်ခြင်ပြီးမှထည့်ကြတာပါ။ ဒါကြောင့် ကိုယ်နဲ့လက်ပွန်းတတီး ပေါင်းနေပေမဲ့ ကိုယ့်လူဖြစ်ချင်မှဖြစ်တာ ဆိုတာ သင်ခန်းစာယူရမှာပါဘဲ။"

"ခုလာမဲ့ ရွေးကောက်ပွဲအတွက်လည်း အချို့ ဓနအင်အားတတ်နိုင်တဲ့ ပါတီကြီးက ဆန်ပေး၊ ဆီပေး၊ အဝတ်အထည်ပေးနဲ့ မဲဆွယ်၊ မဲဝယ်နေတယ်လို့ ကြားရတာပါဘဲ။ ဒါပေမဲ့ ပြည်သူတွေအနေနဲ့ ပေးရင်ယူပါ၊ ကျွေးရင်စားပါ၊ ဒါပေမဲ့ ကိုယ့်ဘဝအတွက် အဖိုးအတန်ဆုံး မဲတစ်ပြားကို ဦးနှောက်နဲ့ အသုံးချဖို့ သတိပေးရမှာဘဲ ဦးလေးရယ်.."

" ဒါနဲ့ ငါ့တူကို မေးရဦးမယ်။ ဒီတစ်ခါရွေးကောက်ပွဲက ဘာထူးလာမှာမလို့လဲ။ ဒေါ်လေး မဲပေးခဲ့ရတာလည်း
အကြိမ်ကြိမ် ရှိပြီ။ ဘာမှလည်း ထူးမလာဘူး။ ဒုံရင်းက ဒုံရင်းဘဲလေ။"

"ဟဲ့.. မအေး၊ နင်ပေးခဲ့ရတဲ့ ရွေးကောက်ပွဲတွေက (၁၉၇၈) (၁၉၈၁)နဲ့(၁၉၈၅) မဆလ အသက်ဆက်ရွေး
ပွဲတွေလေ။ ဒါတွေပြီးတော့(၁၉၉၀) ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ၊ (၂၀၁၀)ခုနှစ်ပါတီစုံ ရွေးကောက်ပွဲတွေလေ။ တစ်ခုနဲ့တစ်ခု တူတာမဟုတ်ဖူး" ဦးလေးထွန်းက သူ့ဇနီးကို ဟောက်ပြော ပြောတယ်။

"ဟုတ်တယ်ဒေါ်လေးရဲ့ ၊(၁၉၇၈-၁၉၈၁ နဲ့၁၉၈၅)ခုနှစ်တွေမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေဟာ မဆလလို့ ခေါ်တဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဟာ သူတို့ အာဏာတည်မြဲရေးအတွက် အသက်ဆက်ရွေးကောက်ပွဲ(အထုံကူးရွေးကောက်ပွဲတွေပါ)။ အာဏာမြဲဖို့ လုပ်တာပါ။ အာဏာခွဲဝေဖို့ လွှဲပြောင်းပေးဖို့မှ မဟုတ်တာ။"

"ငါ့တူကို မရှင်းတာ တစ်ခုရှိလို့ မေးချင်တယ်။ မင်းတို့ပြောတဲ့ မဆလအစိုးရက အောက်လမ်းပညာတွေ၊ မျက်လှည့်ပညာတွေ တတ်တယ်ဆိုတာ ဟုတ်လား "

"ကြံကြံဖန်ဖန် ဒေါ်လေးရယ် ၊ဘာဖြစ်လို့လဲ ပြောပြပါဦး"

"ဒီလိုငါ့တူရေ.. မဆလ အစိုးရလုပ်ခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ မဲပုံးက အဖြူ နဲ့အမည်း။ သူတို့ကိုယ်စား
လှယ်ကို ကြိုက်ရင် အဖြူပုံးထဲထည့်၊ သဘောမကျရင် ပုံးမည်းထဲထည့်ရတယ်မလား။ အဲဒီတုန်းက သူတို့ကိုယ် စားလှယ်လောင်း ကိုသိန်းမောင်ဆိုတာ ငါတို့နဲ့ ဓာတ်သိ၊ အူမချေးခါးကအစ သိတယ်။ သူ့ကိုမကြိုက်လို့ ငါတို့ မိသားစုငါးယောက်ရဲ့မဲတွေ အားလုံးအမည်းပုံးထဲ ထည့်ခဲ့ကြတာ။ ညနေ မဲပုံးတွေဖွင့်တော့ အမည်းပုံးထဲမှာ တစ်ချပ်မှ မရှိဘူး။ အားလုံးအဖြူပုံးထဲ ရောက်နေတယ်။ အံ့ရော.. အံ့ရော ဘယ်လိုလုပ်လိုက်သလဲ မသိဘူး၊ သူတို့အောက်လမ်းက တော်တော်စွမ်းတာ..."

"ဒီမိန်းမတော့ ပေါက်ကရပြောတော့မယ်။ အဲဒါမဲခိုးတယ်လို့ခေါ်တယ်။ မဲရုံမသိမ်းခင် မဲရုံမှူးက ပြောင်းထည့် လိုက်တာ။ ကိုယ့်အရပ်မနာအောင်ဆိုလားကွာ..."လို့ ဦးလေးထွန်းက ဝင်ပြောတယ်။

"ဟုတ်တယ်ဒေါ်လေး၊ ဒါတွေဟာ မဆလအာဏာ(တစ်နည်းပြောရင်) ဗဟိုချုပ်ကိုင်မှု အာဏာမြဲအောင်
မမှန်ကန်မှုတွေ လုပ်ခဲ့ကြတာပါဘဲ။ ဒီလို အဖြူ အမည်းမဲပုံးထောင်တဲ့ စနစ်နဲ့ပြည်သူကို နားလှည့်ပါးရိုက်လုပ်နိုင်ဖို့ ဆိုဗီယက်နိုင်ငံကို အတုယူခဲ့တာပေါ့။ ဒီနေရာမှာ မဆလပါတီ အတုယူခဲ့တဲ့ ဆိုဗီယက်ပြည်ထောင်စုခေါင်းဆောင်ဟောင်း ဂျိုးဇက်စတာလင်ပြောစကားကိုသိရင် မဆလလုပ်ရပ်ကို ဒေါ်လေးတို့ နားလည်မှာပါ။ သူက ဘာပြောလည်းဆိုတော့.. "ရွေးကောက်ပွဲတစ်ပွဲ လုပ်ခဲ့တယ်ဆိုတာ လူတွေသိရင် လုံလောက်ပြီ။ မဲပေးတဲ့ လူတွေကဘာကိုမှ ဆုံးဖြတ်တာ မဟုတ်ဖူး။ မဲရေတဲ့ လူတွေကပဲ အရာရာကို ဆုံးဖြတ်တာ.."တဲ့ ဒါဆို မဆလဟာ အာဏာတည်မြဲရေးကို ဘယ်လိုလုပ်ခဲ့တယ်ဆိုတာရှင်းမှာပါ။"

"ဒါဆို ကိုထွန်းရေ.. မိအေးတို့တော့ အနှပ်ခံခဲ့ရတာပေါ့နော်"

"ဒါတင်ဘယ်ကလိမ့်ဦးမလဲ ဒေါ်လေးရဲ့ ..၊ ဒီတစ်ပါတီအာဏာရှင် စနစ်ဆိုးကို တော်လှန်ခဲ့ကြတဲ့ ရှစ်လေးလုံး အရေးအခင်းတွေကြောင့် ၁၉၉၀ မှာ ပထမဆုံး ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲကို လုပ်ပေးခဲ့ရတယ်။ ဒီတုန်းက နဝတစစ်အစိုးရခေတ် မဟုတ်လား။ ဒီရွေးကောက်ပွဲမှာ ခမောက်တံဆိပ်နဲ့ ဝင်ပြိုင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲပေးသူ (၇၂)ရာခိုင်နှုန်းမှာ(၆၀)ရာနှုန်းကျော် အနိုင်ရပေမဲ့ အစိုးရဖြစ်ခွင့် မရခဲ့ပါဘူး.." တက်လာမဲ့အစိုးရဟာ အခြေခံဥပဒေရေးဆွဲရာမှာ တာဝန်အရှိဆုံးဖြစ်တယ် " ဆိုတဲ့ နဝတအစိုးရရဲ့ ထုတ်ပြန်ချက်ကြောင့် အမျိုးသားညီလာခံခေါ်ပြီး ဥပဒေပြုရေးဘက် လမ်းလွှဲတာ ခံလိုက်ရတယ်။ "

"ဒါ့အပြင် ၂၀၁၀ရွေးကောက်ပွဲ ရလဒ်ကလည်း ကြိုတင်မဲ တစ်သန်းကျော်ကြောင့် မှန်မှန်ကန်ကန် မဖြစ်ခဲ့ဘူးလို့ ကျွမ်းကျင်သူတွေက ဆိုကြပါတယ် "

" ဒါဆို မိအေးတို့က တစ်ခါ နှစ်ခါမက အခါခါနာနေပြီပေါ့"

ဒေါ်လေးက စိတ်ပျက်လက်ပျက် ညည်းတွားလိုက်တယ်။

"ကဲ.. အခုလည်း ဘာထူးသေးသလဲ ငါ့တူရဲ့။ မှန်ကန်မှုမရှိတဲ့ မဲစာရင်းတွေနဲ့ မှန်ကန်တိကျ တရားမျှတတဲ့ရွေးကောက်ပွဲ ဖြစ်လာပါ့မလား။ ငါတော့တယ်ပြီး မထင်သေးတယ်။" ဦးလေးထွန်းကပါ ထောက်ခံပြောပြန်တယ်။

"ဒီအတွက်တော့မပူပါနဲ့ဗျာ..။ ဒီမှားယွင်းမှုတွေ မဖြစ်သင့်ကြောင်း ဝေဖန်မှု၊ ထောက်ပြမှု၊ ဖိအားတွေ ရွေးကောက်ပွဲကော်မရှင်အပေါ် သက်ရောက်နေပါပြီ။ အချိန်မီတော့ ပြင်ဆင်ပေးနိုင်မယ်လို့ ယုံကြည်ရမှာပါဘဲ။ ကျွန်တော်တို့ အနေနဲ့က စနစ်ဟောင်းတွေကို ပြောင်းလဲစေချင်ပါပြီ။ ချစ်ခြင်းမုန်းခြင်းစတဲ့ နှောင်ဖွဲ့မှုတွေ၊ အာဃာတတရားတွေကို ပယ်ပြီးတိုင်းပြည် အနာဂတ်ကောင်းသွားစေချင်တာပါ။ "

"ဒါနဲ့နေပါဦး ငါ့တူရဲ့၊ အဒေါ်တို့လည်း ပြောင်းလဲလာမလားလို့ မဲပေးခဲ့တာလည်းများလှပါပြီ။ ထူးမခြားနား
ချည်းကြုံနေတော့ စိတ်လည်းပျက်နေပါပြီ။ ခုဆို မင်းဦးလေးရော ငါပါအသက်တွေရနေပါပြီ။ မဲသွားမထည့်
တော့ဘူးလားလို့ တွေးမိတယ်"။

" အဲဒီလိုတော့ မလုပ်လိုက်ပါနဲ့ ဒေါ်လေးတို့ရာ။ ဒီတစ်ခါတော့အမှန်တကယ် တရားမျှတပြီး အပြောင်းအလဲ
တစ်စုံတရာ ဖြစ်လာမှာ အသေအချာပါ။ ဟိုတုန်းကလို မဲရုံမှူးတစ်ယောက်တည်း ဖန်တီးခွင့်ရတဲ့ တစ်ပါတီ အာဏာတည်မြဲရေး ရွေးကောက်ပွဲလည်း မဟုတ်တော့ပါဘူး။ ပါတီအသီးသီးက မဲရုံကိုယ်စားလှယ်တွေရဲ့
ကွပ်ကဲမှုအောက်မှာ ရှိနေပြီဆိုတော့ မဲပေးစဉ် မဲရေတွက်စဉ် မသမာမှုလည်းကင်းနေမှာပါ။ ဒီမိုကရေစီစနစ်အပြောင်းအလဲမှာ မဲပေးနိုင်ခွင့် ရရှိပြီးသူတွေဟာ တိုင်းပြည်အတွက် တကယ့် အာဏာရှင်တွေပါ။ ဒီမိုကရေစီအစိုးရဆိုတာ ပြည်သူတွေက အာဏာအပ်နှင်းမှ ရပ်တည်ခွင့်ရရှိတဲ့ သူတွေပါ။ ဒါကြောင့် တိုင်းပြည်အတွက် အရေးအကြီးဆုံး အပြောင်းအလဲလုပ်ရာမှာ မဲတစ်ပြားစီနဲ့ အာဏာပြခွင့်ရနေတဲ့ ဒေါ်လေးတို့လို မဲဆန္ဒရှင်တွေ အနေနဲ့ ဒီအခွင့်အရေးကို လက်လွှတ်ခံနိုင်သလား။ လက်လွှတ်ခံသင့်သလား။ စဉ်းစားကြပါဦး။ တစ်ပါတီအာဏာရှင်စနစ်အောက် နင်းပြားဖြစ်ခဲ့ရတဲ့ ဒေါ်လေးတို့ ကျွန်တော်တို့တွေ ဒီအချိန်မှာမှ မဲဆန္ဒရှင် တစ်ယောက်ရဲ့ မဲပေးဆုံးဖြတ်ခွင့် အာဏာကို မသုံးရင် ဘယ်နေရာမှာ သွားသုံးကြမလဲ.."

"ကဲ.. ကိုထွန်းရေ၊ ရှင့်တူပြောပြမှဘဲ မိအေးတို့ပြည်သူတွေလည်း အာဏာရှိသွားမှန်း သိသွားတော့တယ်။

"ဟင်း... ဒီတစ်ခါရွေးကောက်ပွဲမှာ မိအေးတို့လည်း အာဏာရှင်တွေဘဲ ဆိုတာ မဲတစ်ပြားနဲ့ အကြောင်းပြ လိုက်ဦးမယ် "

အမိနိုင်ငံတော်ကြီး အကောင်းဆုံးပြောင်းလဲနိုင်ပါစေ။
ဆောင်းပါးရှင်။  ။ ဦးခင်မောင်မြင့်(ရွှေမဟာ)
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~ ကြော်ငြာ ~~~~~~~~~