ရှမ်းပြည်နယ်၊ အရှေ့ပိုင်းဒေသ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့၊ ၀မ်ဟွေရပ်ကွက်၌ ဓါတ်ဆီပုံးတွင် ဆီဖြည့်စဉ် အနီး၌ ခြင်ရိုက်ဘတ်တံ အသုံးပြုရာမှ မီးပွားလွင့်စင်ကာ မီးလောင်မှု တစ်ခု ယနေ့ စက်တင်ဘာလ (၂၁)ရက် ညနေ (၅)နာရီ (၄၅)မိနစ် ခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဓာတ်ဆီပုံးတွင် ဆီဖြည့်စဉ် အနီးရှိ ကလေးငယ်အား ခြင်ကိုက်နေသဖြင့် ခြင်ရိုက်ဘက်တံနှင့် ခြင်ရိုက်ရာမှ မီးစတင်ကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး၊ မီးလောင်ကျွမ်းရာသို့ အမှတ်(၁၈)စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်၊ စစ်ဆင်ရေး ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး မျိုးတင့်အောင် နှင့် တပ်ရင်းတပ်ဖွဲ့များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကျော် နှင့် ဌာနဆိုင်ရာများ၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့များက မီးသတ်ယာဉ်နှစ်စီးနှင့် အတူ ၀ိုင်းဝန်းမီးငြှိမ်းသတ်ရာ ညနေ ၆ နာရီ ၁၅ မိနစ် ခန့်တွင် မီးညွန့်ကျိုးသွားပြီး၊ ည(၆)နာရီ (၄၅)မိနစ်တွင် မီးလုံးဝငြိမ်းသွားခဲ့သည်။
မီးလောင်မှုကြောင့် အုတ်တိုက် သွပ်မိုးနေအိမ်တစ်လုံး မီးလောင်ကျွမ်းခဲ့ပြီး၊ လူများထိခိုက်ဒဏ်ရာ ရရှိမှုမရှိ ကြောင်းသိရသည်။
အဆိုပါ မီးလောင်မှုနှင့် ပတ်သက်၍ မိုင်းဖြတ်မြို့၊ ၀မ်ဟွေရပ်ကွက်၊ အိမ်အမှတ်(၀ဟ/၁၆၄) အိမ်ပိုင်ရှင် ဦးစိုင်းယီတစ်ပ် ၏ နေအိမ်အား ငှားရမ်းနေထိုင် သူ ဒေါ်ဝင်းသန်းသန်းနွယ်ကို မိုင်းဖြတ်မြို့နယ်ရဲစခန်းမှ (ပ)၁၀/၂၀၁၅ ပုဒ်မ(၂၈၅)ဖြင့် အမှုဖွင့် အရေးယူထားရှိကြောင်း သိရှိရသည်။
သတင်း ။ ။ ဝေယံလင်း