တရားမ၀င် ရွှေ့ပြောင်း မြန်မာအလုပ်သမား (၂၈)ဦးအား ထိုင်းဘက်မှ ဖမ်းဆီးကာ မြန်မာဘက်သို့ ပြန်ပို့

တရားမ၀င် ရွှေ့ပြောင်း မြန်မာအလုပ်သမား (၂၈)ဦးအား ထိုင်းဘက်မှ ဖမ်းဆီးကာ မြန်မာဘက်သို့ ပြန်ပို့
စက်တင်ဘာ 17, 2015
By Tachileik News Agency

ထိုင်းနိုင်ငံအတွင်း တရားမ၀င် သွားရောက်ကာ အလုပ် လုပ်ကိုင်နေကြသော ရွှေ့ပြောင်းမြန်မာ အလုပ်သမားများအား ထိုင်းနိုင်ငံမှ စက်တင်ဘာလအတွင်း ဖမ်းဆီးကာ မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းလာလျက်ရှိရာ ယနေ့ စက်တင်ဘာလ(၁၇)ရက်နေ့ နံနက်ပိုင်းက (၂၈)ဦး လွှဲပြောင်းလာကြောင်း သိရသည်။

ထိုသို့ လွှဲပြောင်းလာရာတွင်  ရှမ်းပြည်နယ်အရှေ့ပိုင်းမှ အမျိုးသား(၃)ဦး၊ ရှမ်းပြည်နယ်တောင်ပိုင်းမှ အမျိုးသား(၄)ဦး နှင့် အမျိုးသမီး(၃)ဦး၊ မန္တလေးတိုင်းဒေသကြီးမှ အမျိုးသား(၄)ဦး နှင့် အမျိုးသမီး(၁၂)ဦး၊ ပဲခူးတိုင်းဒေသကြီးမှ အမျိုးသား(၁)ဦး နှင့် မကွေးတိုင်းဒေသကြီးမှ အမျိုးသား (၁)ဦး စုစုပေါင်း (၂၈)ဦးပါဝင်ကြောင်း သိရသည်။

"မယ်ဆိုင်ဘက် ကြက်သွန်ရုံက အလုပ်သမားတွေ တော်တော်များများပါတယ်၊ လန်းပန်းဘက်မှာလည်း သွားအလုပ်လုပ်တဲ့ အလုပ်သမားတွေလည်းပါတယ်၊ ကြက်သွန်ရုံက အလုပ်သမားတွေကတော့ တစ်ရက်တည်းမှာ အကုန်ဖမ်းခံရတာလို့ သိရတယ်.."ဟု မြန်မာဘက် တာဝန်ရှိသူတစ်ဦးမှ ပြောပြသည်။

ထိုင်းဘက်မှ လာရောက် လွှဲပြောင်းလာရာတွင် မြန်မာဘက် တာဝန်ရှိသူများက လွှဲပြောင်းမှုများတွင် မြန်မာနိုင်ငံသား ဟုတ်မဟုတ်ကို သေချာစွာ စစ်ဆေးပြီးမှ လက်ခံကြောင်းနှင့် မြန်မာနိုင်ငံသားမဟုတ်ဘဲ၊ အခြားနိုင်ငံသား ပါဝင်လာပါက ချက်ချင်းပင် ထိုင်းလ၀ကသို့ ပြန်လည် လွှဲလေ့ရှိကြောင်း သိရသည်။

ထိုင်းနိုင်ငံမှ တရားမ၀င် ရွှေ့ပြောင်း မြန်မာအလုပ်သမားများအား ဖမ်းဆီးကာ ပြန်လည်ပို့ဆောင်မှုအဖြစ် စက်တင်ဘာလ(၄)ရက်နေ့က (၂၇)ဦး၊ စက်တင်ဘာလ(၅)ရက်နေ့က (၃၅)ဦးနှင့် စက်တင်ဘာလ(၁၀)ရက်နေ့တွင် (၂၁)ဦး အပြင် ယနေ့ စက်တင်ဘာလ(၁၁)ရက်နေ့တွင် (၂၂)ဦး၊ စက်တင်ဘာလ(၁၂)ရက်နေ့က (၁၄)ဦး နှင့် စက်တင်ဘာလ(၁၄)ရက်နေ့က (၃၀)ဦးအပြင် ယနေ့ စက်တင်ဘာလ(၁၇)ရက်နေ့တွင် လွှဲပြောင်းလာသည့် (၂၈)ဦး အပါအ၀င် လ၀က်ကျော်အတွင်း (၁၇၇)ဦး ရှိပြီဖြစ်ကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~ ကြော်ငြာ ~~~~~~~~~