အောက်တိုဘာလ (၁)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်အဖြစ် တာချီလိတ်၌ အသက်(၈၀)နှစ်အထက် အဘိုးအဘွားများကို ပူဇော် ကန်တော့ကြမည်ဖြစ်ရာ ကန်တော့ခံ အဖိုးအဖွားများ၏ အမည်စာရင်းများကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများနှင့် တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင်လည်း လာရောက်ကာ စာရင်းပေးသွင်းနိုင်မှာ ဖြစ်ကြောင်း သိရသည်။
ကန်တော့ခံ အသက်(၈၀)နှစ်အထက် အဘိုးအဘွားများ၏ အမည်စာရင်းများကို ၂၀၁၅ခုနှစ် စက်တင်ဘာလ (၂၁)ရက်နေ့ နောက်ဆုံးထားကာ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများနှင့် တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးသို့ လာရောက်ကာ စာရင်းပေးသွင်းရမှာဖြစ်ကြောင်းနှင့် လူဦးရေ ကန့်သတ်ထားခြင်းမရှိဘဲ အသက်(၈၀)နှစ်အထက်သာ သတ်မှတ်ထားကြောင်း သိရသည်။
ယင်းအပြင် အသက်(၈၀)နှစ်အထက် ကန်တော့ခံ သက်ကြီးရွယ်အို အဘိုးအဘွားများအား ထောက်ပံ့ပစ္စည်းများဖြင့် ပါဝင်လှူဒါန်းလိုသူများ အနေဖြင့် တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် ကြိုတင်၍ လာရောက် လှူဒါန်းနိုင်ကြောင်းနှင့် အခမ်းအနားကျင်းပမည့် အချိန်မှာသာ ကိုယ်တိုင်ကိုယ်ကျ လာရောက်လှူဒါန်းလိုပါကလည်း လှူဒါန်းနိုင်မှာဖြစ်ကြောင်း သိရသည်။
ယင်းအခမ်းအနားကို ၂၀၁၅ခုနှစ် အောက်တိုဘာလ(၁)ရက်နေ့ နံနက်(၉)နာရီအချိန်တွင် တာချီလိတ်မြို့နယ် ဓမ္မာရုံ၌ ကျင်းပပြုလုပ်မှာဖြစ်ပြီး၊ ပြီးခဲ့သည့် ၂၀၁၄ခုနှစ်က ကျင်းပပြုလုပ်ခဲ့သော အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားတွင် သက်ကြီးရွယ်အို အဘိုးအဘွား (၅၃)ဦးရှိခဲ့ကြောင်း သိရှိရသည်။