တာချီလိတ်မြို့သူ/သားများနှင့် စေတနာရှင်များ ကောင်းမှုအနေဖြင့် ရေဘေးထောက်ပံ့ရေး အလှူငွေများထဲမှ မူလတန်းခွဲကျောင်း တစ်ကျောင်းကို ရေကြည်မြို့၌ ဆောက်လုပ်လှူဒါန်းမည်

တာချီလိတ်မြို့သူ/သားများနှင့် စေတနာရှင်များ ကောင်းမှုအနေဖြင့် ရေဘေးထောက်ပံ့ရေး အလှူငွေများထဲမှ မူလတန်းခွဲကျောင်း တစ်ကျောင်းကို ရေကြည်မြို့၌ ဆောက်လုပ်လှူဒါန်းမည်
စက်တင်ဘာ 14, 2015
By Tachileik News Agency

တာချီလိတ်မြို့ ငွေတောင်ဦး ကမ္မဋ္ဌာန်းကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ၀ိရောစန (မဟာဂန္တ၀ါစကပဏ္ဍိတ၊ မဟာကမ္မဋ္ဌာ နာစရိယ)မှ ကြီးမှူး ဆောင်ရွက်လျှက်ရှိသည့် မြန်မာပြည် တ၀ှမ်းရေဘေးသင့် ပြည်သူများအား ကူညီထောက်ပံ့ရေး အစီအစဉ်တွင် (က) လတ်တလော စားဝတ်နေရေးအတွက် ကူညီထောက်ပံ့ခြင်း (ခ) ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးခြင်းဟူ၍ အပိုင်းနှစ်ပိုင်းခွဲပြီး ဆောင်ရွက်လျှက်ရှိရာ ပထမပိုင်းဖြစ်သည့် လတ်တလော စားဝတ်နေရေးအတွက် ထောက်ပံ့ပေးခြင်း လုပ်ငန်းစဉ်တွင် မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် ဧရာဝတီတိုင်းဒေသများမှ ရေဘေးသင့် အိမ်ထောင်စု (၁၀,၈၂၄)စု အတွက် ကျပ်သိန်းနှစ်ထောင့်သုံးရာကျော် တန်ဘိုးရှိ ပစ္စည်းများအား ၂၀၁၅ခုနှစ် သြဂုတ်လ (၉)ရက်နေ့မှ (၂၉)ရက်နေ့ အထိ (၂၀)ရက် အကြာ အဆိုပါ ရေဘေးသင့် ဒေသများဖြစ်သည့် ပွင့်ဖြူ ၊ မင်းဘူး၊ ပခုက္ကူ၊ ညောင်ဦး၊ ကလေး၊ ဟားခါး၊ ငသိုင်းချောင်း၊ အသုတ်နှင့် သာပေါင်းမြို့များသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်းခဲ့ပြီးကြောင်း သိရသည်။

ထိုသို့ ကူညီထောက်ပံ့ရေး လုပ်ငန်းများ ဆောင်ရွက်စဉ်အတွင်း ပြန်လည် ထူထောင်ရေး လုပ်ငန်းများအား ဆောင်ရွက်ရာတွင် အခြေခံအဆောက်အအုံများဖြစ်သည့် ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများအား ဦးစားပေး ဆောင်ရွက်ရန်အတွက် ပဏာမလေ့လာရေးလုပ်ငန်းများအား ဆောင်ရွက်ခဲ့ရာတွင် ကလေး-ကောလင်းနှင့် ရေကြည်မြို့နယ် အသုတ်မြို့များအား ဦးစားပေးလေ့လာခဲ့ရာ အချို့တဲ့ဆုံးဖြစ်သည့် အသုတ်မြို့ ဖန်ခါးကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း(ခွဲ) အဆောက်အအုံအား တာချီလိတ်မြို့သူမြို့သားများ၏ စုပေါင်း ကုသိုလ်အဖြစ် ခေတ်မီကျောင်းဆောင်နှင့် ဆက်စပ် အဆောက်အအုံများအား တည်ဆောက်ပေးရန် ယနေ့ စက်တင်ဘာလ(၁၄)ရက်နေ့ မွန်းလွဲပိုင်းက ငွေတောင်ဦးကျောင်းတိုက် ဆရာတော်ကြီးနှင့် အကျိုးဆောင်အဖွဲ့များမှ သဘောတူဆုံးဖြတ်ခဲ့ကြသည်။

အဆိုပါ ဖန်ခါးကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း(ခွဲ)အား အသစ်တည်ဆောက်ရေး လုပ်ငန်းများကို KBZ ဘဏ်တွင် ထိန်းသိမ်းအပ်နှံထားသည့် ရေဘေးကူညီထောက်ပံ့ရေးရန်ပုံငွေ ကျပ်(၃၁၉)သိန်းကျော်အား အဓိကမတည်ပြီး လှူဒါန်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ကျောင်းဆောင်သစ် ဆောက်လုပ်လှူဒါန်းမှုအတွက် ပါဝင်လှူဒါန်းကာ ပညာဒါနပြုလိုသူများ အနေဖြင့်လည်း အလှူငွေများ ထည့်ဝင်လှူဒါန်းနိုင်ပါကြောင်း သိရှိရသည်။

လက်ရှိတွင် KBZ ဘဏ်၌ ထိန်းသိမ်းအပ်နှံထားသော ငွေကျပ် (၃၁၉)သိန်းကျော်သည် သူရိယသင်္ကန်းတိုက်တွင် ဖွင့်လှစ်ထားရှိသည့် အလှူခံဌာနနှင့် ဗယ်လင်တိုင်း(ကဖေးနှင့်အအေး) စားသောက်ဆိုင်တို့တွင် ဖွင့်လှစ်ထားရှိသည့် အလှူခံဌာနတို့၌ လာရောက်လှူဒါန်းထားသော ရေဘေးကူညီထောက်ပံ့ရေး အလှူငွေများဖြစ်ကြောင်းအပြင် ထိုင်းနိုင်ငံမှ စေတနာရှင်များ၊ ရှမ်းပြည်နယ်နှင့် အနယ်နယ်အရပ်ရပ်များမှ စေတနာရှင်များ၏ အလှူငွေများ ပါဝင်ကြောင်း နှင့် ယင်းငွေများကို တာချီလိတ်မြို့သူ၊ မြို့သားများနှင့် စေတနာရှင်အများ ကောင်းမှုအဖြစ် ယခုလို လှူဒါန်းနိုင်ရန် စီစဉ်ထားရှိကြောင်း သိရှိရသည်။

သတင်း။  ။ မောင်ယဉ်ကျေး

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~