မြန်မာပြည်အတွင်း ရေဘေးသင့်ပြည်သူများအတွက် ကူညီထောက်ပံ့မှုများ ပြန်လည်ပေးအပ်နိုင်ရန် တာချီလိတ်မြို့ရှိ ဂရုဏာရှင်များမှ အလှူငွေများကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့် အစုလိုက် အဖွဲ့လိုက်ဖြင့် လိုက်လံ ကောက်ခံနေလျှက်ရှိပြီး၊ နေပူမိုးရွာထဲတွင် ဂီတာတီး၍ သီဆိုဖျော်ဖြေကာ အလှူငွေ ကောက်ခံကြသည့် တာချီိလိတ်လူငယ်များကွန်ရက်မှ ကောက်ခံရရှိသည့် အလှူငွေများထဲမှ ကျပ်ငွေ (၅)သိန်းတိတိအား တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း ဦးဆောင်သည့် ရေဘေးထောက်ပံ့ရေး အဖွဲ့သို့ ယနေ့ သြဂုတ်လ(၃)ရက်နေ့ ညနေ (၄)နာရီအချိန်က လှူဒါန်းခဲ့ကြောင်း သိရသည်။
"တာချီိလိတ်လူငယ်များကွန်ရက် အနေနဲ့ သြဂုတ်လ(၅)ရက်နေ့မှာ တာချီလိတ်ကနေ မန္တလေးကို သွားရောက်မှာ ဖြစ်ပါတယ်၊ အ၀တ်၊ အထည်၊ ဆေးပစ္စည်း နဲ့ ဖိနပ်တွေကို လေယာဉ်နဲ့သယ်မယ်၊ ရေကဒ်တွေက (၃၅၀)ကဒ်ရှိတော့ ကားနဲ့သယ်မှာပါ၊ မန္တလေးမှာ အဖွဲ့တွေနဲ့ သွားဆုံပြီးတော့ ပွင့်ဖြူကို ဆက်လက်ထွက်ခွာပြီး သွားရောက် ထောက်ပံ့မှာဖြစ်ပါတယ်.."ဟု တာချီိလိတ်လူငယ်များကွန်ရက်မှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။
တာချီိလိတ်လူငယ်များကွန်ရက်မှ တာချီလိတ်မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည်၍ ဂစ်တာတီးကာ သီချင်းဆိုပြီး အလှူငွေများ ကောက်ခံရာ အလှူငွေများနှင့် ထောက်ပံ့ပစ္စည်းများ ရရှိကြောင်းနှင့် ၎င်းတို့အနေဖြင့် ရေဘေးသင့်ပြည်သူများထံ လက်ဝယ်ရောက်ရှိရေးအတွက် သြဂုတ်လ(၅)ရက်နေ့ နံနက်(၇)နာရီတွင် တာချီလိတ်မှ တဆင့် စတင်ထွက်ခွာမှာ ဖြစ်ကြောင်း သိရသည်။