ရှမ်းပြည်နယ်၊ မြောက်ပိုင်းဒေသ မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်တွင် ငွေကျပ် သိန်းပေါင်း (၃၀၁၀)တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံးများကို သြဂုတ်လ(၁၅)ရက်နေ့ နေ့လည်(၁၂)နာရီခွဲဝန်းကျင်က ဖမ်းဆီးရမိကြောင်း မူးယစ်တပ်ဖွဲ့စု(၂၂)မူဆယ်၊ မြို့ပေါ်လှုပ်ရှားအဖွဲ့မှ သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး၊ ရွှေလီစစ်ဆင်ရေး(၂)စီမံချက်အရ မူးယစ်တပ်ဖွဲ့စု (၂၂)မူဆယ်၊ မြို့ပေါ်လှုပ်ရှားအဖွဲ့မှ တပ်ဖွဲ့ဝင်များသည် မူးယစ်တပ်ဖွဲ့စု(၁၀၂)နေပြည်တော် နှင့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့တို့ဖြင့် မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်၊ ခိုဝိန်းရပ်ရှိ ဖန်းချိးလင့်(မ)၏ နေအိမ်အား မူးယစ်ဆေးဝါး သတင်းအရ ၀င်ရောက်ရှာဖွေရာမှ နေအိမ်တွင် ၎င်းအား အသင့်တွေ့ရှိနေရပြီး ဆက်လက်၍ ရှာဖွေရာမှ ဘိန်းဖြူဘလောက်တုံးများကို တွေ့ရှိရတာဖြစ်ကြောင်း အဆိုပါ မူးယစ်အဖွဲ့မှ သိရသည်။
ရှာဖွေတွေ့ရှိရသည့် ဘိန်းဖြူဘလောက်တုံးများသည် နေအိမ်အခန်းအတွင်းမှ Wy စာတန်းပါ ပန်းရောင် စိတ်ကြွဆေးပြား (၈၅)ပြား၊ နေအိမ်ခန်းအတွင်းရှိ ကုတင်အောက်မှ အလေးချိန်(၃၅၀)ဂရမ်ခန့်စီပါသည့် ddd တံဆိပ်ပါ ဘိန်းဖြူဘလောက်တုံး (၂၁)တုံး၊ တရုတ်စာတန်းပါ (၂၁)တုံးနှင့် သစ်ရွက်ပုံ တံဆိပ်ပါ (၁)တုံး၊ စုစုပေါင်း ဘိန်းဖြူဘလောက်တုံး (၄၃)တုံးဖြစ်ရာ အလေးချိန် စုစုပေါင်းမှာ (၁၅.၀၅)ကီလိုဂရမ်ခန့်ရှိပြီး ကာလတန်ဖိုးငွေဖြင့် ကျပ်သိန်းပေါင်း (၃၀၁၀)ရှိကြောင်း သိရသည်။
မူးယစ်ဆေးဝါးများအား လက်ဝယ်တွေ့ရှိ သိုလှောင်ထားသူနှင့် အပ်နှံထားသူများဖြစ်သည့် ဖန်းချိးလင့်(မ)နှင့် ဖန်းကျိန်တ(ကျား)(ဖမ်းမမိသေး)တို့အား မူဆယ်မြို့မရဲစခန်းတွင် မူးယစ်(ပ)၁၀၁/၂၀၁၅၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁အရ အမှုဖွင့် အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။