ရှမ်းပြည်နယ်၊ အရှေ့ပိုင်းဒေသ၊ တာချီလိတ်မြို့တွင် ရေဘေးရန်ပုံငွေ နှင့် ချစ်ကြည်ရေးဘောလုံး ပြိုင်ပွဲအဖြစ် အနုပညာ ရှင်များပါဝင်သည့် ဘောလုံးရူးလေးများအသင်း နှင့် တာချီလိတ် Old Star အသင်းတို့ သြဂုတ်လ (၁၃)ရက် ၊ ညနေ(၄)နာရီခွဲက မြို့မအားကစားကွင်း၌ ယှဉ်ပြိုင်ကစားရာဘောလုံးချစ် ပရိတ်သတ်များ ကွင်းလုံးပြည့် လာရောက်ကြည့်ရှုအားပေးကြောင်း သိရသည်။
ပြိုင်ပွဲမစတင်မီ ဖိုးချစ်ဇာတ်သဘင်အဖွဲ့ နှင့် အနုပညာရှင်များက တေးသီချင်းများဖြင့် သီဆိုဧည့်ခံဖျော်ဖြေစဉ် လာရောက်ကြည့်ရှုသူများအား မဇ္ဈိမလူမှုကူညီရေးအသင်းမှ လူငယ်များနှင့် ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက အလှူခံရာ ထိုင်းဘတ်ငွေ (၁၉,၉၀၀)ဘတ် နှင့် ကျပ်(၇၀,၅၀၀)တို့ ရရှိကြောင်း သိရသည်။
ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲအား ဆက်လက် ယှဉ်ပြိုင်ကစားရာ အနုပညာရှင်များအသင်းတွင် ဖိုးချစ်၊ ရာဇာနေ၀င်း၊ မိုးယံဇွန်၊ ထွန်းထွန်း၊ နေဒွေး၊ ဝေလျံ၊ သူထူးစံ၊ ဇော်လင်းထွန်း၊ အောင်စန်းပွင့်၊ ထူးနိုင်၊ မဲကြီး ၊ ထွန်းနောင်နောင်တို့ ပါဝင်သည့်အသင်းနှင့် တာချီလိတ်မြို့ Old Star အသင်း တို့ယှဉ်ပြိုင် ကစားရာ အနုပညာရှင်များ အသင်းက ၅ ဂိုး ၃ ဂိုး ဖြင့် အနိုင်ရရှိသွားကြောင်း သိရသည်။
ရေဘေးသင့်ပြည်သူများအတွက် ရန်ပုံငွေအဖြစ် ဘောလုံးပွဲကြည့်ရန် လက်မှတ်များကို တစ်ဦးလျှင် ကျပ်(၃၀၀၀)ကျော် နှင့် ညီမျှသည့် ဘတ်(၁၀၀)ဖြင့် ရောင်းချပေးရာ တာချီလိတ်မြို့၏ ဘောလုံးပွဲသမိုင်းတွင် လာရောက်ကြည့်ရှုသည့် ပရိသတ် လူဦးရေမှာ ယခုပွဲစဉ်တွင် အများပြားဆုံးဖြစ်ကြောင်း သိရသည်။
သတင်း။ ။ ဝေယံလင်း
ဓါတ်ပုံ။ ။ ဇောင်းညီ