တရားမ၀င် အလုပ်သမား မြန်မာနိုင်ငံသားများအား ထိုင်းလ၀ကများမှ ဖမ်းဆီးငွေတောင်းမှုများရှိနေ

တရားမ၀င် အလုပ်သမား မြန်မာနိုင်ငံသားများအား ထိုင်းလ၀ကများမှ ဖမ်းဆီးငွေတောင်းမှုများရှိနေ
ဇူလိုင် 30, 2015
By Tachileik News Agency

ထိုင်းနိုင်ငံအတွင်းရှိ တရားမ၀င် အလုပ်သမား မြန်မာနိုင်ငံသားများအား ထိုင်းလ၀ကမှ လိုက်လံ ဖမ်းဆီးပြီး ငွေကြေးတောင်းခံကာ ငွေကြေးမပေးနိုင်သူများအား မြန်မာနိုင်ငံ တာချီလိတ်မြို့သို့ ပြန်လည် လွှဲပြောင်း လျှက်ရှိကြောင်း ဖမ်းဆီးခံရပြီး ပို့ဆောင်ခံရသူများ၏  ပြန်လည် ပြောပြချက်အရ သိရသည်။

"ကျွန်တော် ထမင်းစားနေတုန်းမှာ ထိုင်းလ၀က တစ်ယောက်ရောက်လာပြီး အလုပ်သမားကတ် လုပ်ပေးမယ်ဆိုပြီး ခေါ်သွားတယ်၊ ပြီးတော့ ပိုက်ဆံ ဘတ်(၅၀၀၀)တောင်းတာ မပေးနိုင်လို့ဆိုပြီး အချုပ်ထဲ ထည့်ထားပြီးနောက် မြန်မာနိုင်ငံဘက်ကို အခုလို ပြန်လွှဲတာပါ..."ဟု အဖမ်းခံရပြီး ပြန်လွှဲလာသည့် အထဲတွင် ပါဝင်သူ ထိုင်းနိုင်ငံ မယ်ကျန့်မြို့နယ်အတွင်း ၀ပ်ရှော့လုပ်ကိုင်သူ ကိုအားယိုဂါမှ တာချီလိတ်သတင်းအေဂျင်စီသို့ ပြောပြသည်။

ထိုင်းရဲနှင့် လ၀ကများမှ ဇူလိုင်လအတွင်း မြန်မာအလုပ်သမားများအား လိုက်လံဖမ်းဆီးမှုမှာ ပိုမို များပြားလျှက်ရှိကြောင်း၊ ယခု မယ်ဆိုင် ထိုင်း လ၀က အချုပ်အတွင်း မြန်မာအလုပ်သမားများ ကျန်ရှိနေသေးကြောင်း နှင့် မယ်ဆိုင်သို့ မပို့ဆောင်လာမီတွင် ငွေကြေးပေးနိုင်သူများသာ အလုပ်သို့ ပြန်လည် သွားရောက် အလုပ် လုပ်ကိုင်ကြကြောင်းနှင့် ၎င်းတို့ အလုပ်ရှင်မှ လိုက်လံ ရွေးယူမှုများလည်း ရှိကြောင်း ၎င်းထံမှ သိရသည်။

တရားဝင် အထောက်အထားမဲ့ နေထိုင်သော ရွှေ့ပြောင်း မြန်မာအလုပ်သမားများအား ထိုင်းနိုင်ငံ တာဝန်ရှိသူများမှ ဧပြီလအတွင်း အများအပြား လိုက်လံ ဖမ်းဆီးမှုများပြုခဲ့ပြီးနောက် ငြိမ်သက်သွားခဲ့ သော်လည်း ဇူလိုင်လအတွင်း ပြန်လည် ဖမ်းဆီးမှုမှာ မြင့်တက်လျှက်ရှိကြောင်း သိရသည်။

"နှစ်နိုင်ငံ အစည်းအဝေးတုန်းက နေ့စား အလုပ်သမားတွေကို မဖမ်းဖို့ တင်ပြထားတာ သူတို့လဲ လက်ခံတယ်၊ ဒါပေမယ့် အခု ပြန်လွှဲတဲ့ အထဲမှာ တစ်ချို့ နေ့စားသွားလုပ်တဲ့ မြန်မာအလုပ်သမားတွေ ပါတယ်၊ ထိုင်းနိုင်ငံအတွင်းက ရွှေ့ပြောင်း အလုပ်သမားအရေးကို ထိုင်းတွေ လုပ်နေတာ တလွှဲဖြစ်နေတယ်၊ သာမာန် အလုပ်သမားတွေဖမ်း ပိုက်ဆံတောင်းပြီးတော့ ပြန်လွှတ်နဲ့ အခုပြန်လွှတ်တဲ့ သူတွေက ခဏနေ ထိုင်းထဲပြန်သွားမှာဘဲ ဘာမှမထူးဘူး စာရွက်ပေါ် အရေအတွက်လိုချင်လို့ လုပ်တဲ့ပုံစံမျိုး.."ဟု မြန်မာနိုင်ငံမှ တာဝန်ရှိသူတစ်ဦးမှ ပြောသည်။

ထိုင်းနိုင်ငံတွင်း ရွှေ့ပြောင်းမြန်မာ အလုပ်သမားများအား ဇူလိုင်(၂၉)ရက်နေ့က (၁၄)ဦးနှင့် ယနေ့ ဇူလိုင်(၃၀)ရက်နေ့က(၁၁)ဦး မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

ဇူလိုင်(၃၀)ရက်နေ့က လွှဲပြောင်းခဲ့သော မြန်မာနိုင်ငံသားများတွင် ရှမ်း/ရှေ့(၆)ဦး၊ ရှမ်း/တောင် (၃)ဦး၊ ရှမ်း/မြောက် (၂)ဦး၊ စုစုပေါင်း(၁၁)ဦးဖြစ်ကြောင်း နှင့် ယခုလို လွှဲပြောင်းလာမှုကို မြန်မာဘက်တာဝန်ရှိသူ ပူးပေါင်းအဖွဲ့မှ လက်မှတ်ရေးထိုးကာ လက်ခံခဲ့ကြောင်း သိရသည်။

ထိုင်း လ၀ကမှ ရွှေ့ပြောင်းမြန်မာ အလုပ်သများအား လိုက်လံဖမ်းဆီးမှုတွင် အချို့သည် မိသားစုလိုက်ဖြစ်ပြီး ကလေးငယ်များ ပါဝင်ကာ လသားအရွယ်မှ အသက် (၁၀)နှစ် ၀န်းကျင်အထိ ပါဝင်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~ ကြော်ငြာ ~~~~~~~~~