မယ်ဆိုင်ချောင်းအတွင်း အဟန့်အတားဖြစ်နေသော ဂရင်းဆိပ် အပါအ၀င် (၃)နေရာအား တပြိုင်တည်း ဖောက်ခွဲဖျက်ဆီး ဖယ်ရှားတော့မည်

မယ်ဆိုင်ချောင်းအတွင်း အဟန့်အတားဖြစ်နေသော ဂရင်းဆိပ် အပါအ၀င် (၃)နေရာအား တပြိုင်တည်း ဖောက်ခွဲဖျက်ဆီး ဖယ်ရှားတော့မည်
ဇူလိုင် 9, 2015
By Tachileik News Agency

တာချီလိတ်၌ မိုးရာသီအတွင်း ရေကြီးရေလျှံမှုကို ဖြစ်ပေါ်စေပြီး မြန်မာ - ထိုင်း နယ်စပ်ချောင်းဖြစ်သည့် မယ်ဆိုင်ချောင်းအတွင်း ဟန့်တားမှုသဖွယ်ရှိနေသော အတားအဆီး (၃)နေရာအား ဇူလိုင်လ (၁၃)ရက်နေ့တွင် တပြိုင်နက် ဖောက်ခွဲဖျက်စီးကာ ဖယ်ရှားသွားမည်ဖြစ်ကြောင်း ယနေ့ ဇူလိုင်လ(၉)ရက် နံနက်ပိုင်းက တာချီလိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၏ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် ခရိုင်စီမံခန့်ခွဲမှုကော်မတီအစည်းဝေး၌ ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေမှ အတည်ပြု ပြောကြားလိုက်သည်။

( မြန်မာ - ထိုင်း TBC အဖွဲ့မှ ဇွန်လ(၃၀)ရက်နေ့က စစ်ဆေးစဉ် )

ယင်းအစည်းအဝေးတွင် တာချီလိတ်ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ နှင့် ခရိုင်စီမံခန့်ခွဲမှုကော်မတီဝင်များ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင် နှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဝင်များ၊  မြို့နယ်အထောက်အကူပြုကော်မတီဥက္ကဌ ဦးကြည်မြင့်နှင့် အထောက်အကူပြု ကော်မတီဝင်များ စသည့် ကော်မတီ(၃)ရပ် အပါအ၀င် သက်ဆိုင်ရာ ဌာနများ၊ စီးပွားရေးလုပ်ငန်းရှင် ကုမ္ပဏီများဖြစ်သည့် မင်းခေတ်သစ်၊ စံလင်းဖြိုး၊ တပင်ရွှေထီး၊ လန်ဖုန်ဒန် နှင့် သော်တာဝင်း ကုမ္ပဏီမှ တာဝန်ရှိသူများ တက်ရောက်ကာ မယ်ဆိုင်ချောင်းအတွင်း ဖောက်ခွဲဖျက်ဆီး ဖယ်ရှားရေးအတွက် အထူးတလည် ဆွေးနွေးခဲ့ကြသည်။

( မြန်မာ - ထိုင်း TBC အဖွဲ့မှ ဇွန်လ(၃၀)ရက်နေ့က စစ်ဆေးစဉ် )

ရေကြီးရေလျှံမှုများ၊ ရပ်ကွက်ချောင်းပေါင်းစုံမှ စီးဝင်လာမှုများ စသည့် ရေများသည် မယ်ဆိုင်ချောင်း အတွင်း စီးဝင်ပြီးနောက် အဆိုပါ ချောင်းအတွင်း၌ ဟန့်တားမှုကြောင့် ရေများမှာ ရေစီးရေလာအတွက် အခက်အခဲဖြစ်ပေါ်ကာ ချောင်းနှင့် နီးစပ်သည့် ရပ်ကွက်လူနေအိမ်များသို့ ရေများဝင်ရောက်ကာ နစ်မြုပ်မှုများ ဖြစ်ပေါ်စေသည့်အတွက် ဟန့်တားနေသည်များကို ဖယ်ရှားနိုင်ရန်အတွက် ယခုလို ဆွေးနွေးတာဖြစ်ပြီး သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့် လုပ်ငန်းရှင်များ ပူးပေါင်း ပါဝင် ဆောင်ရွက်နိုင်ရန်အတွက် ဆွေးနွေးတာဖြစ်ကြောင်း သိရသည်။

( မြန်မာ - ထိုင်း TBC အဖွဲ့မှ ဇွန်လ(၃၀)ရက်နေ့က စစ်ဆေးစဉ် )

မယ်ဆိုင်ချောင်းအတွင်း အဟန့်အတားဖြစ်နေပြီး ဖောက်ခွဲဖျက်ဆီးရန် လိုအပ်နေသည့် (၃)နေရာမှာ ပုန်းထွန်ရပ်ကွက်ရှိ ၀ါးဆိပ်တွင် (၁)နေရာ၊ ဆန်ဆိုင်း(က)ရပ်ကွက် ပြည်သူ့စစ်ဂိတ်အနီးရှိ ဂရင်းဆိပ်တွင် (၁)နေရာ နှင့် ရန်အောင်မြေရပ်ကွက်ရှိ ငှက်ပျောဆိပ် တို့တွင် (၁)နေရာ စုစုပေါင်း (၃)နေရာကို တပြိုက်နက်တည်း ဆောင်ရွက်ကြမည်ဖြစ်ရာ ထိုသို့ ဆောင်ရွက်ရာတွင် ဖျက်ဆီးပြီး ကျန်ရစ်မည့် ကျောက်တုံး၊ ကျောက်ခဲများကို သယ်ယူရန်အတွက် မော်တော်ကားများ နှင့်  လိုအပ်မည့် စက်သုံးဆီများကို သက်ဆိုင်ရာ ဌာနနှင့် ဒေသခံ စီးပွားရေး လုပ်ငန်းရှင် ကုမ္ပဏီများမှ ပါဝင်ပံ့ပိုးထားပြီး အဆိုပါနေ့တွင် သတ်မှတ်နေရာအလိုက် ဆောင်ရွက်ကြမှာ ဖြစ်ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် တပြိုင်တည်း နှင့် တစ်နေ့တည်း အပြီး ဆောင်ရွက်မှာဖြစ်သည့်အတွက် (၃)နေရာအတွက် စက်သုံးဆီ (၇၅၀)ဂါလံ ၀န်းကျင် ကုန်မှာဖြစ်ကြောင်း နှင့် ဖောက်ခွဲရေးအတွက် မင်းခေတ်သစ်ကုမ္ပဏီ နှင့် စည်ပင်သာယာရေးကော်မတီတို့မှ ပူးပေါင်းဆောင်ရွက်မှာဖြစ်ပြီး ကျန်ကုမ္ပဏီများမှ သယ်ယူပို့ဆောင်ရေး ယာဉ်ကြီးများ၊ လုပ်ငန်းအသုံးပြု ဘက်ဟိုး ယာဉ်များဖြင့် ပါဝင် ပံ့ပိုးပေးသွားမှာ ဖြစ်ကြောင်း အဆိုပါ အစည်းအဝေးတွင် ထည့်သွင်းဆွေးနွေးကြသည်။

မြန်မာ - ထိုင်း နယ်စပ်ရှိ ဂရင်းဆိပ် အပါအ၀င် (၃)နေရာအား ဖျက်ဆီးဖယ်ရှားနိုင်ရန်အတွက် မြန်မာ နှင့် ထိုင်း အကြိမ်ကြိမ် ဆွေးနွေးခဲ့ပြီးနောက် ဇွန်လ(၃၀)ရက်နေ့က တာချီလိတ်မြို့ ဇန်းမွန်အာခါဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည့် မြို့နယ်အဆင့် မြန်မာ - ထိုင်း နယ်ခြားကော်မတီအစည်းအဝေး၌ ထပ်မံထည့်သွင်း ဆွေးနွေးခဲ့ပြီးနောက် ယခုလို ဖယ်ရှားခွင့်ကို အတည်ပြုခဲ့ကြတာဖြစ်ပြီး ချောင်းအလယ်တွင် ပြုလုပ်ထားသည့် ရေတားများကို ဖယ်ရှားပြီးပါက တာချီလိတ်၌ ရေကြီးရေလျှံမှု လျော့ပါးသွားနိုင်မှာ ဖြစ်ကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~ ကြော်ငြာ ~~~~~~