မြန်မာနိုင်ငံအတွင်း ရေကြီးရေလျှံမှုများကြောင့် ရေဘေး ခံစားနေရသော မိဘပြည်သူများထံသို့ သွားရောက် လှူဒါန်းမည့် အဖွဲ့အစည်းများ၊ ဖောင်ဒေးရှင်းများနှင့် စေတနာရှင် အလှူရှင်များ၏ ထောက်ပံ့ ပစ္စည်းများကို လွယ်ကူစွာ ရောက်ရှိစေရေးအတွက် လေကြောင်းလိုင်းဖြင့် အခမဲ့ ပို့ဆောင်ပေးသွားမည် ဖြစ်ကြောင်း Air KBZ လေကြောင်းက ယနေ့ ဇူလိုင်လ(၃၁)ရက်နေ့က တရားဝင် အသိပေး ကြေညာထားသည်။
"ရေဘေးသင့် ဒေသများမှာ လေယာဉ်ကွင်း ရှိတယ်ဆိုရင် သွားပို့ပေးမှာဖြစ်ပြီး၊ လေယာဉ်ကွင်းမရှိတဲ့ ဒေသဖြစ်နေရင်လည်း နီးစပ်တဲ့ လေဆိပ်ရှိရာ ဒေသများကို ကျွန်တော်တို့ Air KBZ လေကြောင်းလိုင်းက အခမဲ့ ပို့ဆောင်ပေးသွားမှာဖြစ်ပါတယ်၊ ထောက်ပံ့ပစ္စည်းများကို Air KBZ ရုံးမှာ လာရောက် ပို့ဆောင်ထားလို့ရပါတယ်၊ ပစ္စည်းများကို အမျိုးအမည် စနစ်တကျလုပ်ပြီး စာရင်းနဲ့ လက်ခံပေးသွားပြီး ရုံးချုပ်ကို တိုက်ရိုက်သတင်းပို့ပြီး ပို့ပေးသွားမှာဖြစ်ပါတယ်၊ "ဟု တာချီလိတ်မြို့ Air KBZ ရုံးမှ တာဝန်ရှိသူက ပြောကြားလာသည်။
ယခုလို စီမံပေးထားမှုသည် တာချီလိတ်မြို့ တစ်မြို့တည်းမဟုတ်ဘဲ မြန်မာနိုင်ငံအတွင်းရှိ Air KBZ ရုံးများ တည်ရှိရာ မြို့များတွင်လည်း စီမံပေးထားပြီး ရေဘေးသင့်ပြည်သူများ အတွက် ထောက်ပံ့ပစ္စည်းများကို မြို့နယ်တိုင်းရှိ Air KBZ ရုံးတို့တွင် လာရောက်ပေးအပ်နိုင်ကြောင်းနှင့် အသေးစိတ်မေးမြန်းလိုကလည်း လာရောက်မေးမြန်းနိုင်ကြောင်း သိရသည်။