မြန်မာ - ထိုင်း နယ်စပ်ဒေသမြို့ဖြစ်သည့် တာချီလိတ်မြို့တွင် တိုင်းရင်းသားများစွာ နေထိုင်လျက်ရှိပြီး ကျောင်းနေရွယ် မရှိနွမ်းပါး တိုင်းရင်းသား ကလေးငယ်များအား ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ နှင့် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့အပြင် တာချီလိတ်မြို့ရှိ လူမှုရေးအသင်းအဖွဲ့များမှ ကျောင်းသုံးပစ္စည်း ထောက်ပံ့မှုများကို နည်းအမျိုးမျိုးဖြင့် လှူဒါန်းနေလျက်ရှိရာ ယနေ့ ဇွန်လ(၂၄)ရက် နံနက်ပိုင်းက အာခါတိုင်းရင်းသား ကလေးငယ်များအား ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ နှင့် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့တို့မှ ကျောင်းသုံးပစ္စည်းများကို ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။
တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ အာခါဆေးခန်းကျေးရွာ၊ ရေလယ်ကျွန်း ရှိ အခြေခံမူလတန်းကျောင်းခွဲသို့ သွားရောက်ပြီး အဆိုပါ ကျောင်းတွင် ပညာသင်ယူနေသော ချို့တဲ့ အာခါတိုင်းရင်းသား ကလေးငယ် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၃၀)ဦးအား ကျောင်းသုံး ပစ္စည်းများကို ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ နှင့် မိခင်နှင့် ကလေးစောင့်ရှောက်ရေး အဖွဲ့တို့မှ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့လှူဒါန်းရာတွင် တာချီလိတ်ခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်ရေးကြီးကြပ်ရေးအဖွဲ့ ဥက္ကဌ၊ ခရိုင်အမျိုးသမီးရေးရာ ဥက္ကဌ ဒေါ်ဝင်းဝင်းသန့် နှင့် ခရိုင်အဖွဲ့ဝင်များ၊ တာချီလိတ်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဌ၊ မြို့နယ် အမျိုးသမီးရေးရာ ဥက္ကဌ ဒေါ်အေးသန္တာကျော် နှင့် မြို့နယ်အဖွဲ့ဝင်များ အပြင် လွယ်တော်ခမ်းကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ လိုက်ပါခဲ့ကြသည်။
ရှေးဦးစွာ အဆိုပါအဖွဲ့သည် ရေလယ်ကျွန်း သာသနာပြု ဆရာတော် ဘဒ္ဒန္တသုဟိတအား ဆန်၊ ဆီ အစရှိသည့် လှူဖွယ်ပစ္စည်းများဖြင့် ဆက်ကပ်လှူဒါန်းပြီးနောက် အ.မ.ကခွဲသို့ သွားရောက်ကာ ကလေးသူငယ်များအား ကျောင်းသုံးပစ္စည်းများ ထောက်ပံ့လှူဒါန်းခြင်းဖြစ်သည်။
ယင်းအဖွဲ့သည် အဆိုပါ အခြေခံမူုလတန်းကျောင်းခွဲတွင် ပညာသင်ယူနေသည့် အာခါတိုင်းရင်းသား ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၃၀)ဦးအား ကျောင်းဝတ်စုံများနှင့် စာရေးကိရိယာများအပြင် အာဟာရမုန့်များကို တစ်ဦးချင်းစီ လက်ဝယ်အရောက် ထောက်ပံ့လှူဒါန်းရာ ကျောင်းသား၊ ကျောင်းသူများမှ ၀မ်းမြောက်စွာဖြင့် လက်ခံရယူခဲ့ကြသည်။
အဆိုပါ အဖွဲ့သည် ပြီးခဲ့သည့် ဇွန်လ(၁၉)ရက်နေ့က မြန်မာ - လာအို နယ်စပ်ရှိ ကျိုင်းလပ်မြို့သို့ သွားရောက်ကာ ကျန်းမာရေး အသိပညာပေးမှုများနှင့်အတူ ပညာရေးနှင့် ပတ်သက်၍ ဆောင်ရွက်ခဲ့ကြပြီး စုစုပေါင်း ငွေကျပ်(၁၀)သိန်းကျော် တန်ဖိုးရှိသည့် ကျောင်းသုံးပစ္စည်းများကို ထောက်ပံ့လှူဒါန်းခဲ့ပြီးကြောင်း သိရှိရသည်။
လာမည့် ဇွန်လ(၃၀)ရက်နေ့ ည(၇)နာရီအချိန်၌ တာချီလိတ်ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူးကျင်းပမည့် မြန်မာ့ရိုးရာ ၀တ်စားဆင်ယင် ထုံးဖွဲ့မှုပြိုင်ပွဲကို တာချီလိတ်မြို့ အောင်မြတ်ခန်းမတွင် စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပပြုလုပ်သွားမှာ ဖြစ်ပြီး ပြိုင်ပွဲတွင် အသက်(၂၅)နှစ်အောက် အမျိုးသမီးငယ် စုစုပေါင်း (၂၈)ဦး ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ကြောင်း သိရသည်။
ဓါတ်ပုံ။ ။ #ဇောင်းညီ