မြန်မာစကား မပီတပီဖြင့် ပြောဆိုပြီး Iphone အတုများကို အစစ်ဟု ပြောဆိုကာ လိုက်လံ၍ လိမ်လည်ကာ ရောင်းချနေသော တရုတ်လူမျိုးဟု ယူဆရသူ လူတစ်ချို့ အုပ်စုဖွဲ့၍ တာချီလိတ်တွင် ရောက်ရှိကာ ဖုန်းများကို လိမ်လည်၍ ရောင်းချနေကြောင်းကို အလိမ်ခံရသူ တာချီလိတ်ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
"ကျွန်တော်တို့ ဆိုင်ရှေ့တင်မှာပဲ Iphone 6 အတုတွေကို လိုက်ရောင်းနေတာ၊ ဆိုင်လာပြတော့ ဆိုင်ထဲမ၀င်ဘဲ အပြင်မှာနေ နေတယ်၊ ပြန်ဖို့ စရိတ်မရှိလို့ဆိုပြီး လိမ်ပြီး လိုက်ရောင်းနေတာ..၊ ဖုန်းအကြောင်း နားမလည်တဲ့ သူတွေတော့ ပေါချောင်ကောင်းဆိုပြီး ၀ယ်တော့ အလွယ်တကူ အလိမ်ခံရတာပေါ့.."ဟု တာချီလိတ်မြို့ရှိ ဖုန်းရောင်းဆိုင်တစ်ဆိုင်မှ ပြောပြသည်။
"ဒီလို လူလိမ်တွေဟာ တစ်ယောက်တည်း မဟုတ်ဘဲ အဖွဲ့နဲ့လို့ သိရတယ်၊ မနေ့က တာချီလိတ်မှာ (၃)(၄)ယောက်ကို လိမ်သွားတာ၊ အလိမ်ခံရတဲ့ သားအမိနှစ်ယောက် ကျွန်တော့်ဆီကိုလာပြီး အကူညီတောင်းပါတယ်၊ ကျွန်တော်လည်း ရဲအရာရှိတစ်ဦးကို ဖုန်းဆက်ပြီး အကူအညီတောင်းပါတယ်၊ လာခဲ့မယ်လို့ပဲ ပြောတယ်၊ နောက်တော့ ထူးခြားချက် ဘာမှမသိရသေးဘူး.."ဟု ကိုမျိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောပြသည်။
"ကျွန်တော့်ဆီကိုလည်း မနေ့က မနက်ကဘဲ ရောက်လာပြီး လမ်းစရိတ်ပြတ်သွားလို့ ကွန်ပျူတာ လက်တော့ပ်လေး ရောင်းချင်တယ်ဆိုပြီး ဆိုင်ထဲဝင်လာတာ၊ ကျွန်တော်က လူလိမ်မှန်းသိလို့ ဓါတ်ပုံရိုက်တော့ ကျွန်တော့်ဖုန်းကို အတင်းလိုက်လုတယ်၊ ကျွန်တော့်လက်ကို အတင်းဆွဲထားတော့ ခင်ဗျား ကျွန်တော့်လက်ကို လွှတ်၊ မင်းအပြစ်မလုပ်ထားရင် ဘာမှ ကြောက်စရာမလိုဘူးလို့ ပြန်ပြောလိုက်တယ်"ဟု ၎င်းမှ ဆက်လက်ပြောပြသည်။
ဖုန်း နှင့် ကွန်ပျူတာများကို လိမ်လည်ရောင်းချသူ၏ ပုံသဏ္ဌာန်မှာ အသားဖြူပြီး အရပ်အမောင်းမှာ (၅)ပေ (၁၀)လက်မခန့်ရှိသည့်အပြင် နဖူးပြောင်ကြောင်း နှင့် များသောအားဖြင့် ဦးထုပ်ဆောင်းလေ့ရှိကြောင်း လိမ်လည်ခံရသူများ၏ ပြောပြချက်အရ သိရသည်။
တာချီလိတ်မြို့၌ IPhone များကို အထူးဝန်ဆောင်မှုပေးသည့် ကျွမ်းကျင်သူ ကိုဘိုက "Iphone အတုအစစ်ကို သေသေချာချာ ကြည့်မယ်ဆိုရင် အနောက်ကင်မရာဘေးက ဖလက်ရှ်မီးကို ကြည့်ရင် အော်ရီဂျင်နယ်နဲ့ ပုံနည်းနည်းကွာတယ်၊ Screen Icon က ပုံမှန် Iphone အတိုင်း အရောင်ပဲ နည်းနည်းလေးဖျော့တာ၊ စာလုံးဒီဇိုင်း နည်းနည်းကွာတယ်၊ အဓိက အနေနဲ့ကတော့ Passcode Touch ID ကို စစ်ကြည့်ရင် တန်းပြီးသိနိုင်တယ်၊ နောက်တစ်ခုက စာရိုက်တဲ့ Keyboard ချိန်းတဲ့ နေရာကို ကြည့်ရင် Iphone အစစ်ဆိုရင် အော်ရီဂျင်နယ်အတိုင်း ထွက်တယ်၊ အတုဆိုရင် Android ဖုန်းရဲ့ ကီးဘုတ်ပုံစံနဲ့ ထွက်တယ်.."ဟု Iphone အတုနှင့်အစစ် ခွဲခြားတတ်နိုင်ရန်အတွက် ရှင်းပြသည်။
"ပေါချောင်ကောင်းတွေ ရလိုမှုကို ဆင်ခြင်ရမှာပါ၊ တခါတုန်းကလည်း မန္တလေးက အသိမိတ်ဆွေတစ်ဦး အလိမ်ခံရသေးတယ်၊ ကွန်ပျူတာ လက်တော့ပ်လာရောင်းတာ ဈေးပေါလို့ ၀ယ်ထားလိုက်တယ်တဲ့၊ ၂ရက်လောက်လည်းနေရော ကွန်ပျူတာက ဖွင့်မရတော့ဘူး...၊ ဒီလို လူမျိုးခြားတွေအနေနဲ့ လမ်းစရိတ်ပြတ်လို့ပါဆိုရင်တော့ သတိထားပေတော့.."ဟု ဒေသခံတစ်ဦးမှလည်း ဆိုသည်။
အဆိုပါ လူလိမ်များ၏ ပုံများကို Facebook ပေါ်တွင် ပျံ့နှံ့ခဲ့ပြီးနောက် ယနေ့ ဇွန်လ(၁၆)ရက်တွင် ကျိုင်းတုံသို့ သွားရောက်ရန်အတွက် ကားလက်မှတ်လာရောက် စုံစမ်းကြောင်းကို ပုံကို တွေ့မြင်ထားသူု တစ်ဦးမှ ပြောပြသည်။
ထိုသို့ လိမ်လည်မှုမျိုးသည် မြန်မာပြည် ရန်ကုန် နှင့် မန္တလေးမြို့များတွင် ဖြစ်ပွားခဲ့သော်လည်း သက်ဆိုင်ရာ ရဲတပ်ဖွဲ့များအနေဖြင့် ဖမ်းဆီး ဖော်ထုတ်အရေးယူနိုင်ခြင်း မရှိသေးကြောင်း သိရသည်။