ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့တွင် ၂၀၁၅ခုနှစ်၊ (၂၈)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ ဇွန်လ(၂၆)ရက်၊ နံနက်(၉)နာရီက မကာဟိုခမ်းရပ်ကွက်ရှိ အောင်မြတ်ခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ခရိုင်မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး အဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ က "နယ်စပ်ဒေသနဲ့ တိုင်းရင်းသား လူမျိုးများရဲ့ဘ၀ ဖွံ့ဖြိုးတိုးတက်ရေး၊ ဘိန်းစိုက်ပျိုးမှု လုံးဝချုပ်ငြိမ်းပပျောက်ရေးကို မဟာဗျူဟာ(၂)ရပ်၊ နည်းဗျူဟာ (၃)ရပ် နဲ့ နည်းနာ နိဿယ(၃)ရပ်ချမှတ်ပြီး ဟန်ချက်ညီညီဆောင်ရွက်လျက်ရှိကြောင်း၊ မူးယစ်ဆေးဝါးပပျောက်ရေး (၁၅)နှစ်စီမံကိန်း သတ်မှတ်ဆောင်ရွက်ခဲ့သည့်အပြင်၊ ယခု ၂၀၁၄-၂၀၁၅ မှ ၂၀၁၈-၂၀၁၉ခုနှစ်အထိ (၅)နှစ် ထပ်မံ တိုးမြှင့်၍ ဆောင်ရွက်လျက်ရှိကြောင်း၊ မူးယစ်ဆေးဝါး ပပျောက်ရေး လုပ်ငန်းစဉ် (၅)ရပ်ဖြစ်သည့် ဘိန်းစိုက်ပျိုးထုတ် လုပ်မှု ပပျောက်ရေး၊ မူးယစ်ဆေးဝါးသုံးစွဲမှု ပပျောက်ရေး၊ တားဆီးနှိမ်နင်းရေး၊နယ်မြေလူထုပူးပေါင်းပါဝင်ရေးအတွက် စည်းရုံးဆောင်ရွက်ရေး၊ နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်ရေးစသည့်လုပ်ငန်းများဦးစားပေးဆောင်ရွက်သွားမှာဖြစ်ကြောင်း" အဖွင့်အမှာ စကားပြောကြားသည်။
ဆက်လက်၍ "ယခုနှစ်တွင် ယင်းမာ အထူးစီမံချက်ကို နိုင်ငံတော်ကရေးဆွဲပြီး ပြည်နယ်၊ တိုင်းဒေသကြီး၊ ခရိုင်နှင့်မြို့နယ်များတွင် အစားထိုးဖွံ့ဖြိုးမှု အကောင်အထည်ဖော်ရေးအဖွဲ့၊ သီးနှံများ အစားထိုး စိုက်ပျိုးရေးအဖွဲ့၊ မွေးမြူရေးအဖွဲ့ ၊ ဆေးကုသရေးအဖွဲ့၊ ပြန်လည်ထူထောင်ရေးအဖွဲ့၊ ကျောင်းသားလူငယ်များ အသိပညာပေးရေး အဖွဲ့၊ ပြည်သူများကို လှုံ့ဆော်ရေးအဖွဲ့၊ ထိန်းချုပ် ဓာတုပစ္စည်းကြီးကြပ်ရေးအဖွဲ့၊ မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း(MANA)အဖွဲ့များက လူထုလှုပ်ရှားမှု အသွင်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း" အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားသွားသည်။
ယင်းနောက် ခရိုင်ကျန်းမာရေးဦးစီးဌာန၊ TB ရောဂါ တိုက်ဖျက်ရေးဌာနမှ ဒေါက်တာ ကံဦးအောင် က မူးယစ်ဆေးဝါး သုံးစွဲခြင်းဖြင့် ရရှိလာသည့် ဆိုးကျိုးများနှင့်မူးယစ် ဆေးစွဲရောဂါများ အကြောင်းကို လည်းကောင်း၊ ခရိုင်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့၊ အဖွဲ့ဝင် ခရိုင်ဥပဒေအရာရှိ ဦးရဲမြင့်က မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် ဥပဒေပိုင်း ဆိုင်ရာများကိုလည်းကောင်း ဆွေးနွေးတင်ပြသည်။
ဆက်လက်၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမ၀င် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (၁၈)ကြိမ်မြောက် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီ၊ စာစီစာကုံး ပြိုင်ပွဲများတွင် ဆုရ ကျောင်းသားကျောင်းသူများ ၊ ခရိုင်အဆင့်၊ ပြည်နယ်အဆင့်ပြိုင်ပွဲများတွင် ဆုအများဆုံးရရှိသည့် ကျောင်းများနှင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး လုပ်ငန်းများတွင် အမြောက်အများ ဖော်ထုတ် ဖမ်းဆီးနိုင်သော တပ်ဖွဲ့ဝင်များ၊ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုများတွင် အမျိုးသားရေး တာဝန်တစ်ရပ် အနေဖြင့် ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးသူများနှင့် အဖက်ဖက်မှ ကူညီထောက်ပံ့ပေးခဲ့သူများကို ဂုဏ်ပြုဆုများ၊ ဂုဏ်ပြု မှတ်တမ်းလွှာများကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဆုများပေးအပ်ချီးမြှင်ရာတွင် စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်မင်းထွန်း၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊မြို့နယ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်း လဲစေသောဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း နှင့် တာဝန်ရှိသူများက ဆုများ၊ ဂုဏ်ပြုလက်မှတ်များအား ပေးအပ်ခဲ့ပြီး၊ တက်ရောက်လာသည့် ဧည့်သည်တော်များက မူးယစ်ဆေးဝါး ပပျောက်ရေး လှုပ်ရှားဆောင်ရွက်မှု ပြခန်းများကို လှည့်လည်ကြည့်ရှုကြသည်။
အခမ်းအနားသို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်း၊ ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာများ၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု(၃၀)မှ တပ်ဖွဲ့စုမှူး ဒုတိယရဲမှူး သန်းရွှေ နှင့် တပ်ဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းသန့် နှင့် အဖွဲ့ဝင်များ၊မြို့နယ် အမျိုးသမီးရေးရာ နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်အေးသန္တာကျော်နှင့် အဖွဲ့ဝင်များ၊ လူမှုရေး အသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဆရာ၊ ဆရာမများ နှင့် ဆုရ ကျောင်းသားကျောင်းသူများ တက်ရောက်ကြောင်း သိရသည်။
သတင်း ။ ။ ဝေယံလင်း
ဓါတ်ပုံ ။ ။ ယာဆေး