အခြေခံ မဲဆန္ဒရှင် စာရင်းများကို သက်ဆိုင်ရာ ရပ်ကွက်ရုံးများ၌ ဇွန်လ(၂၂)ရက်နေ့တွင် စတင် ကပ်ထားကြေညာမည်

အခြေခံ မဲဆန္ဒရှင် စာရင်းများကို သက်ဆိုင်ရာ ရပ်ကွက်ရုံးများ၌ ဇွန်လ(၂၂)ရက်နေ့တွင် စတင် ကပ်ထားကြေညာမည်
ဇွန် 20, 2015
By Tachileik News Agency

တာချီလိတ်မြို့နယ် အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု အလိုက် ပြုစုထားသော အခြေခံမဲဆန္ဒရှင် စာရင်းများကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများတွင် ကပ်ထားကြေညာမည့် ကိစ္စနှင့် ပတ်သက်၍ ယနေ့ ဇွန်လ(၂၀)ရက် နံနက်(၁၀)နာရီအချိန်က တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမတွင် တွေ့ဆုံကြပြီး အခြေခံမဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာမည့် ရက်ကို (၂၂.၆.၂၀၁၅) မှ (၅.၇.၂၀၁၅)ရက်နေ့အထိ (၁၄)ရက်တိတိ သတ်မှတ်ကာ ကပ်ထား ကြေညာသွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးထိန်မင်းမှ အစည်းအဝေးတွင် ပြောကြားလိုက်သည်။

ယနေ့ ပြုလုပ်သော တွေ့ဆုံအစည်းအဝေးသည် ဇွန်လ(၂၂)ရက်နေ့မှ ဇူလိုင်လ(၅)ရက်နေ့အထိ ကပ်ထားကြေညာသွားမည့် အခြေခံမဲဆန္ဒရှင် စာရင်းများနှင့် ပတ်သက်၍ ဒေသခံများ သိရှိနိုင်ရန်အတွက် လူမှုရေးအသင်းအဖွဲ့များ၊ သတင်းမီဒီယာများ နှင့် မြို့နယ်/ရပ်ကွက်/ကျေး၊ ကော်မရှင်တို့ တွေ့ဆုံကြပြီး လုပ်ငန်းဆောင်ရွက်ရန်ကိစ္စများကို ရှင်းလင်းဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

 မြို့နယ်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး၊ တာချီလိတ်မြို့နယ်ဒုတိယ အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်က "မြို့နယ်ရွေးကောက်ပွဲကော်မတီကို ဌာနဆိုင်ရာဘက်မှ (၉)ဦး နှင့် အရပ်သား (၆)ဦး စုစုပေါင်း (၁၅)ဦးဖြင့် ဖွဲ့စည်းထားတာဖြစ်ကြောင်း၊ ယခင် ၂၀၁၀ ရွေးကောက်ပွဲ ကာလက တာချီလိတ်၌ မဲရုံစုစုပေါင်း (၃၉)ရုံရှိခဲ့ပြီး၊ ယခု ၂၀၁၅ ရွေးကောက်ပွဲတွင် မဲရုံစုစုပေါင်း (၅၀)ရုံ ထားရှိရန် လျာထားကြောင်း၊ ယခု အခြေခံမဲဆန္ဒရှင် စာရင်းများသည် ရပ်ကွက်/ကျေးရွာအုပ်စု အလိုက် ပြုစုထားသော အခြေခံမဲဆန္ဒရှင် စာရင်းများဖြစ်တာကြောင့် အမှားအယွင်းများ ရှိနိုင်ကြောင်း၊ သေဆုံးသွားသူ၏ အမည်စာရင်း နှင့် အကျဉ်းကျခံရသူများ၏ အမည်စာရင်းများလည်း ပါနိုင်ဖွယ်ရှိသည့် အတွက် ပယ်ဖျက်ဖြည့်စွက်နိုင်ရန် ရွေးကောက်ပွဲ မကျင်းပမီ အခြေခံ မဲဆန္ဒရှင်စာရင်းများကို ဖော်ပြတာဖြစ်ကြောင်း၊ သက်ဆိုင်ရာ ရပ်ကွက်ရုံးများတွင် ကပ်ထားကြေညာထားသည့် အခြေခံ မဲဆန္ဒစာရင်းများတွင် မိမိတို့၏ အမည်ပါ မပါဆိုသည်ကို သွားရောက် ကြည့်ရှု စစ်ဆေးဖို့လိုသည့်အပြင် သေဆုံးသူ၏ အမည်များလည်း ပါရှိနေပါက ရွေးကောက်ပွဲကော်မရှင်သို့ အသိပေးရမှာဖြစ်ကြောင်း နှင့် အခြေခံမဲဆန္ဒရှင်စာရင်းများ ကပ်ထားသည့်နေရာများတွင် မေးမြန်းနိုင်ရန်အတွက် ကော်မရှင်အဖွဲ့ဝင် တစ်ဦးစီကိုလည်း ထားရှိပေးသွားမှာဖြစ်ကြောင်း " အခြေခံမဲဆန္ဒရှင်စာရင်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

တာချီလိတ်မြို့တွင် ဇွန်လ(၂၂)ရက်နေ့မှ ဇူလိုင်လ(၅)ရက်နေ့အထိ အခြေခံမဲဆန္ဒရှင်စာရင်းများကို ကပ်ထားကြေညာသွားမည့်အပြင် မြို့တွင်၌ ပိုစတာများဖြင့် လှုံ့ဆော်သွားမည်ဖြစ်ကြောင်း နှင့် အသံချဲ့စက်များဖြင့်လည်း လှုံ့ဆော်သွားမည်ဖြစ်ကြောင်း ၎င်းမှ ဆက်လက် ပြောကြားသည်။

ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာသူများမှ တာချီိလိတ်နှင့် ထိစပ်နေသည့် လာအို နှင့် ထိုင်းနိုင်ငံ အတွင်းရှိ မြန်မာနိုင်ငံသားများ မဲပေးနိုင်ရေးကိစ္စ နှင့် မဲဆန္ဒရှင် စာရင်းများကြည့်ရှုရာတွင် မိမိတို့၏ အမည်မပါဝင်ခြင်း၊ သေဆုံးသူ၏ အမည်များ ပါနေခြင်းတို့အတွက် စာရွက်ဖြည့်စွက်၍ တိုင်ကြားသည့် ကိစ္စမှာ များသောအားဖြင့် အလုပ်ရှုပ်သည်ဟု ယူဆကာ မလုပ်လိုကြသူများကြောင်း အပြင်  မိမိသည် အိမ်ထောင်စုစာရင်း ၀င်ရောက်ထားသည့် ရပ်ကွက်မှာမဟုတ်ပဲ အခြားရပ်ကွက်သို့ ရောက်ရှိနေပါက ရောက်ရှိနေသည့် ရပ်ကွက်မှာပဲ ဆန္ဒမဲပေးနိုင်ခြင်း ရှိမရှိ စသည်များကို မေးမြန်းခဲ့ကြသည်။

မေးမြန်းမှုများကို  မြို့နယ်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးဝင်းအောင်က "လာအို နှင့် ထိုင်းနိုင်ငံအတွင်းရှိ မြန်မာနိုင်ငံသားများထဲမှ တာချီလိတ်ဒေသခံများအနေဖြင့် မှတ်ပုံတင်ပြ၍ ပြန်လည်ဝင်ရောက်နိုင်ရန်အတွက် လ၀ကဘက်မှ တင်ပြသွားရန် အစီအစဉ်ရှိကြောင်း၊ အိမ်ထောင်စုစာရင်း ၀င်ရောက်ထားသည့် နေရာ ကိစ္စ နှင့်ပတ်သက်၍ အိမ်ထောင်စုစာရင်း ပုံစံ (၆၆/၆) ကို အခြေခံထားသည့်အတွက် ရောက်ရှိနေသည့် နေရာမှာ မဲပေးခွင့် မရှိဘဲ၊ အိမ်ထောင်စုစာရင်း ၀င်ရောက်ထားသည့် နေရာမှာပဲ မဲပေးရမှာဖြစ်ကြောင်း.."စသည်ဖြင့် ရှင်းလင်းပြောကြားသည်။

အခြေခံမဲဆန္ဒရှင်စာရင်းများကို ၂၀၁၅ခုနှစ် ဇွန်လ(၂၂)ရက်နေ့မှ ဇူလိုင်လ(၅)ရက်နေ့အထိ (၁၄)ရက်တိုင်တိုင် ကပ်ထားကြေညာသွားရာတွင် တာချီလိတ်မြို့နယ် အပါအ၀င်ဖြစ်ပြီး ကချင်ပြည်နယ်။ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးရှိ ခရိုင်/မြို့နယ်များအပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ မဲစာရင်းကြေညာရန် ကျန်ရှိနေသော မြို့နယ်(၂၁)မြို့နယ်တို့တွင် လည်း ကပ်ထားကြေညာသွားမှာ ဖြစ်ကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~ ကြော်ငြာ ~~~~~~~~~