ရှမ်းပြည်နယ် မြောက်ပိုင်းဒေသ၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်တွင် မြန်မာကျပ်ငွေ(၁၆၉)သိန်းကျော် တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးများကို ဖေဖော်ဝါရီလ (၁၅)ရက်နေ့ ညနေ(၆း၃၀)နာရီ မူးယစ်တပ်ဖွဲ့စု (၂၂)မူဆယ်၊ နမ့်ခမ်းလှုပ်ရှားအဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ သယ်ဆောင်လာသူနှင့်အတူ ဖမ်းဆီးသိမ်းဆည်း ရမိကြောင်း မူဆယ်မူးယစ်တပ်ဖွဲ့မှ သိရသည်။
မူးယစ်တပ်ဖွဲ့စု (၂၂)မူဆယ်၊ နမ့်ခမ်းလှုပ်ရှားအဖွဲ့ နှင့် နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ညနေ (၆း၃၀)နာရီ အချိန်ခန့်တွင် နမ့်ခမ်းမြို့နယ်၊ မန့်နောင်ကျေးရွာရှိ ကူးတို့ဆိပ်အနီး လမ်းမပေါ်၌ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ်မှာ နောင်ခန်ကျေးရွာဘက်မှ မန့်နောင်ကျေးရွာ ကူးတို့ဆိပ်ဘက်သို့ စိုင်းမြတ်အောင် မောင်းနှင်လာသည့် မော်တော်ကားအား ရပ်တန့် စစ်ဆေးရှာဖွေရာမှ သိုဝှက်ပြီး သယ်ဆောင်လာသည့် မူးယစ်ဆေးဝါးများကို ရှာဖွေရမိတာဖြစ်ကြောင်း နမ့်ခမ်းလှုပ်ရှားအဖွဲ့မှ သိရသည်။
မော်တော်ကားအတွင်း သိုဝှက်သယ်ဆောင်လာသည့် အ၀တ်အိတ်အတွင်း ရောင်စုံဆပ်ပြာခွက်များဖြင့် ထည့်လျှက် (၁)ခွက်လျှင် ဘိန်းဖြူမှုန့် အလေးချိန် (၁၂)ဂရမ်ခန့်စီပါသည့် ဆပ်ပြာခွက် (၃၃)ခွက်ကို ရှာဖွေတွေ့ရှိရာ ဘိန်းဖြုမှုန့်များ၏ စုစုပေါင်း အလေးချိန်မှာ (၃၉၆)ဂရမ် ရှိကြောင်း သိရသည်။
ဆက်လက်၍ ရှာဖွေရာ အနက်ရောင်ကြွပ်ကြွပ်အိတ်အတွင်းမှ Wy စာတန်းပါ စိတ်ကြွဆေးပြား (၃၉၀၀)ပြား အပြင် ယာဉ်နောက်ခန်း ညာဘက် ထိုင်ခုံအောက်ရှိ တူးဘောက်စ်အတွင်းမှ ကီလို(၁.၂)ခန့်ရှိသည့် ဘိန်းစိမ်း(၁)လုံးတို့ကို ရှာဖွေတွေ့ရှိကြောင်း သိရသည်။
မူးယစ်ဆေးဝါးများအား သယ်ဆောင်လာသူ စိုင်းမြတ်အောင်၏ ထွက်ဆိုချက်အရ ၎င်းသည် ကျန်ခေါင်မြို့သို့ ပို့ဆောင်ပေးရန်အတွက် နေအိမ်မှ ထွက်ခွာလာခဲ့ရာမှ မန့်နောင် ကူးတို့ဆိပ်အနီး အရောက်မှာ ယခုလို ဖမ်းဆီးခံရတာဖြစ်ကြောင်း ထွက်ဆိုကြောင်း မူးယစ်မှတ်တမ်းအရ သိရသည်။
မူးယစ်ဆေးဝါးများနှင့်အတူ လက်ဝယ်တွေ့ရှိရသူ စိုင်းမြတ်အောင်အား နမ့်ခမ်းမြို့မရဲခစခန်းတွင် မယ(ပ)၁၄/၂၀၁၅၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။