တာချီလိတ်မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များမှ တာဝန်ရှိသူများနှင့် အရောင်းဝန်ထမ်းများ အနေဖြင့် အရေးပေါ် မီးလောင်မှုများနှင့် မီးလောင်မှုများကို တားဆီးကာကွယ်နိုင်ရန်အတွက် ယနေ့ ၂၀၁၅ခုနှစ် ဖေဖော်ဝါရီလ(၁၅)ရက် နံနက်ပိုင်းက တာချီလိတ်မြို့ အရှေ့ပိုင်းသမ စက်သုံးဆီအရောင်းဆိုင် ၀န်းထဲတွင် မီးဘေးလုံခြုံရေးနှင့် လက်တွေ့ဆီမီးငြှိမ်းသတ်မှု သရုပ်ပြသ ရှင်းလင်းသည့် အခမ်းအနားကို ကျင်းပပြုလုပ်ရာ တာချီလိတ်မြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များမှ တာဝန်ခံများ နှင့် အရောင်း ၀န်ထမ်းများ တက်ရောက် လေ့လာမှတ်သားပြီး လက်တွေ့လေ့ကျင့်ခဲ့ကြသည်။
မီးဘေးအန္တရာယ်များနှင့် ပတ်သက်၍ သရုပ်ပြရှင်းလင်းသည့် အခမ်းအနား ပြုလုပ်ရာတွင် တာချီလိတ်ခရိုင်စက်သုံးဆီဆိုင်များလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးကြည်မြင့် နှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းတို့မှ အဖွင့်အမှာစကား ပြောကြားသည်။
တဆက်တည်းမှာပင် စွမ်းအင်ဝန်ကြီးဌာန၊ ရှမ်းပြည်နယ်အရှေ့ပိုင်း ပြည်နယ်ရုံး(ကျိုင်းတုံ)မှ မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း ဌာနခွဲ မန်နေဂျာ ဦးသက်မြင့် နှင့် တွဲဘက်ပြည်နယ် မီးသတ်ဦးစီးဌာန(ကျိုင်းတုံ)မှ တွဲဘက်ပြည်နယ်မီးသတ်ဦးစီးမှူး ဦးသိန်းမြင့်တို့က စက်သုံးဆီ နှင့် မီးဘေးအန္တရာယ် ကာကွယ်ရေးများကို အဖွင့်အမှာစကားအဖြစ် ပြောကြားသည်။
ယင်းနောက် သရုပ်ပြ ရှင်းလင်းပွဲသို့ ရောက်ရှိလာသည့် စက်သုံးဆီအရောင်းဆိုင်(၁၂)ဆိုင်မှ မန်နေဂျာများ၊ အရောင်းတာဝန်ခံများ၊ ပန့်ကိုင်များနှင့် ၀န်ထမ်းများအား စွမ်းအင်ဝန်ကြီးဌာန၊ ရှမ်းပြည်နယ်အရှေ့ပိုင်း ပြည်နယ်ရုံး(ကျိုင်းတုံ)မှ မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း ဌာနခွဲ မန်နေဂျာ ဦးသက်မြင့်က ဆီကိုင်တွယ်မှုနှင့်ဖြန့်ဖြူးရေးလုပ်ငန်းများတွင် ( Petroleum halting Process ) အသုံးပြုနည်းလမ်းများကို လက်တွေ့ သရုပ်ပြရှင်းလင်း ပြောကြားရာ စက်သုံးဆီရောင်းဝယ်ရေး ၀န်ထမ်းများမှ စိတ်ဝင်တစား မှတ်သားကြသည်။
ပြည်နယ်ရုံး(ကျိုင်းတုံ)မှ မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း ဌာနခွဲ မန်နေဂျာ ဦးသက်မြင့်မှ ရှင်းလင်းပြောကြားရာတွင် စက်သုံးဆီများ ရောင်းဝယ်မှုများနှင့် ပတ်သက်၍ စက်ပိုင်းဆိုင်ရာ တော်တော်များများတွင် သံထည် နှင့် သစ်သားများကို အသုံးပြုခြင်းမှ ရှောင်ကျဉ်စေလိုပြီး ကြေးထည်များကိုသာ အဓိက ထားသုံးသင့်ကြောင်း နှင့် ဆီဘောက်ဆာကြီးများပေါ် တက်ရောက်သည့် အခါမှာ ရာဘာဖိနပ်များကို စီး၍ တက်ရောက်လျှင် ရာဘာနှင့်စက်သုံးဆီတို့ ထိတွေ့သည့်အခါမှာ အရည်ပျော်စေပြီး ချော်လဲခြင်း နှင့် ပြုတ်ကျခြင်းများ ဖြစ်ပေါ်စေသည့် အတွက် ရာဘာဖိနပ်စီးခြင်းကို ရှောင်ကျဉ်စေလိုကြောင်း အပြင် စက်သုံးဆီလာရောက် ထည့်သည့် မော်တော်ယာဉ်များကို စက်ပိတ်ပြီးမှ ထည့်စေလိုကြောင်း၊ ယင်းအပြင် ဆီထည့်ပြီးသော မော်တော်ဆိုင်ကယ်များ အနေဖြင့် ဆိုင်ကယ်၏ အိတ်ဇောမှ ထွက်သော အပူရှိန်နှင့် အငွေ့များကြောင့် ပေါက်ကွဲမှုများ ဖြစ်စေနိုင်သည့် အတွက် ဆီထည့်သည့် နေရာမှ ခပ်လှမ်းလှမ်းသို့ တွန်းသွားပြီးမှသာ စက်ကိုနှိုး၍ ထွက်ခွာသင့်ကြောင်း နှင့် ဆီပန့်မှတဆင့် မီးလောင်မှုများ၊ ပေါက်ကွဲမှုများ မဖြစ်ပွားစေရေးနှင့် ဆီသိုလှောင်ထားရှိမှုကို စနစ်တကျ ထားရှိစေရေး စသည်တို့ကို လက်တွေ့ ရှင်းလင်းပြောကြားသွားသည်။
ဆက်လက်၍ မီးလောင်မှုများတွင် မီးငြှိမ်းသတ်မှုပိုင်း ဆိုင်ရာများနှင့်ပတ်သက်၍ တွဲဘက်ပြည်နယ် မီးသတ်ဦးစီးဌာန(ကျိုင်းတုံ)မှ တွဲဘက်ပြည်နယ်မီးသတ်ဦးစီးမှူး ဦးသိန်းမြင့် က ဂတ်(စ်)မီးဖိုမှ တဆင့် ပိုက်ပေါက်၍ မီးလောင်မှုများ၊ ထမင်းဟင်းချက်ပြုတ်နေရာမှ မီးထလောင်မှုများ၊ မီးသတ်ဆေးဗူး အသုံးပြုနည်းများ စသည့် မီးလောင်ကျွမ်းမှု အမျိုးမျိုးတို့ကို လက်တွေ့သရုပ်ပြ၍ မီးငြှိမ်းသတ်မှုများကို အကျယ်တ၀ံ့ရှင်းလင်း၍ သရုပ်ပြသသည်။
တွဲဘက်ပြည်နယ်မီးသတ်ဦးစီးမှူးမှ လက်တွေ့သရုပ်ပြသရာတွင် အဓိကအားဖြင့် အရေးပေါ်ကိစ္စရပ်များတွင် စိတ်မလောစေရန်နှင့် မီးငြှိမ်းသတ်ရာတွင် စိတ်ကို တည်ငြိမ်စွာ ထားရှိပြီး မီးငြှိမ်းသတ်ရန်အပြင် မီးသတ်ဆေးဗူးကို လက်တွေ့ အသုံးချတတ်စေရန် အတွက် အရောင်းဝန်ထမ်းများ ဆီပန့်တာဝန်ရှိသူများက တစ်ဦးချင်းစီ အလှည့်ကျဖြင့် မီးသတ်ဆေးဗူးကို အသုံးပြု၍ မီးငြှိမ်းသတ်ခဲ့ကြသည်။
"အခုလို လက်တွေ့ သရုပ်ပြ ရှင်းလင်းပေးတာ ကျွန်တော့်အနေနဲ့ မသိတာတွေ၊ သိလိုက်ရတယ်၊ ဆောင်ရန် ရှောင်ရန်တွေလည်း သိလိုက်ရလို့ လာရောက်ရှင်းလင်းသွားကြတဲ့ ဆရာများကိုလည်း ကျေးဇူးတင်ပါတယ်"ဟု ပန့်ကိုင် အမျိုးသားဝန်ထမ်းတစ်ဦးက ပြောသည်။
ယင်းသရုပ်ပြ ရှင်းလင်း အခမ်းအနားတွင် တာချီလိတ်မြို့နယ် မီးသတ်တပ်ဖွဲ့မှ ဦးစီးအရာရှိ ဦးအောင်ကျော်နိုင် နှင့် တာချီလိတ်ခရိုင် စက်သုံးဆီဆိုင်များလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများမှ ပါဝင်အားဖြည့်ကြပြီး စက်သုံးဆီ အရောင်းဝန်ထမ်းများမှ စိတ်ဝင်စားစွာဖြင့် မှတ်သားကြတာကို တွေ့ရှိရသည်။
ပုံများကိုကြည့်ရန်