တာချီလိတ်မြို့ ငွေတောင်ဦး ကမ္မဋ္ဌာန်းကျောင်းတိုက်အား မူလဆရာတော်မှ လက်ရှိကျောင်းထိုင်ဆရာတော်သို့ ကျောင်းမြေနှင့် ကျောင်းအဆောက်အဦအား တရားဝင်လွှဲပြောင်း

တာချီလိတ်မြို့ ငွေတောင်ဦး ကမ္မဋ္ဌာန်းကျောင်းတိုက်အား မူလဆရာတော်မှ လက်ရှိကျောင်းထိုင်ဆရာတော်သို့ ကျောင်းမြေနှင့် ကျောင်းအဆောက်အဦအား တရားဝင်လွှဲပြောင်း
ဖေဖော်ဝါရီ 23, 2015
By Tachileik News Agency

ရှမ်းပြည်နယ်၊ အရှေ့ပိုင်းဒေသ၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်၊ ပုန်းထွန်ရပ်ကွက်ရှိ ငွေတောင်ဦးကမ္မဋ္ဌာန်း ကျောင်းတိုက်ကို မူလပိုင်ဆိုင်သူ ဆရာတော်မှ လက်ရှိကျောင်းထိုင် ဆရာတော်အား ကျောင်းမြေ နှင့် အဆောက်အဦ လွှဲပြောင်းပေးအပ်မှု အဖြစ် ၂၀၁၅ခုနှစ် ဖေဖော်ဝါရီလ (၂၂)ရက် နေ့လယ် (၁)နာရီအချိန်က လက်မှတ်ရေးထိုး၍ လွှဲပြောင်းပေးအပ်လိုက်ကြောင်း သိရသည်။

ငွေတောင်ဦး ကမ္မဋ္ဌာန်းကျောင်းတိုက်၏ မူလကျောင်းထိုင်ဆရာတော်ဖြစ်သော အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၊ လောကချမ်းသာကျောင်းတိုက်မှ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဓမ္မာစရိယ၊ ပါဠိပါရဂူ၊ ဆရာတော် ဘဒ္ဒန္တဣန္ဒကသည် အမေရိကန်နိုင်ငံတွင် သာသနာပြုရန်အတွက် လက်ရှိကျောင်းထိုင် ဆရာတော်ဖြစ်သော မဟာဂန္တ၀ါစကပဏ္ဍိတ၊ မဟာကမ္မဋ္ဌာနာစရိယ ဆရာတော် ဘဒ္ဒန္တ၀ိရောစနအား ယခင် က  နှုတ်မိန့်ဖြင့် လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်ရာမှ ယခုအခါမှာ ၂၀၁၅ခုနှစ် ဖေဖော်ဝါရီလ (၂၂)ရက်နေ့က အသိသက်သေ (၃၆)ဦး၏ ရှေ့မှောက်တွင် တရားဝင်လက်မှတ်ရေးထိုး၍ လွှဲပြောင်းပေးအပ်လိုက်တာဖြစ်သည်။

လက်မှတ်ရေးထိုးပြီး လွှဲပြောင်းပေးအပ်ရာတွင် တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ ပုန်းထွန်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုင်းဖတ် အပါအ၀င် ကျောင်းအကျိုးတော်ဆောင်များ၊ မြို့နယ်ဂေါပက အဖွဲ့ဝင်များ၊ မြို့မိမြို့ဖ၊ ရပ်မိရပ်ဖ စုစုပေါင်း (၃၆)ဦးတို့မှ အသိသက်သေအဖြစ် လက်မှတ် ရေးထိုးခဲ့ကြသည်။

ကျောင်းမြေ နှင့် ကျောင်းအဆောက်အဦ ကိစ္စအ၀၀တို့အား လက်မှတ်ရေးထိုး၍ လွှဲပြောင်းပေးအပ်သည့် ကိစ္စ နှင့် ပတ်သက်၍ ယနေ့ ၂၀၁၅ခုနှစ် ဖေဖော်ဝါရီလ(၂၃)ရက် နေ့လယ်ပိုင်းတွင်  မူလကျောင်းထိုင် ဆရာတော်ဖြစ်သော အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဓမ္မာစရိယ၊ ပါဠိပါရဂူ၊ ဆရာတော် ဘဒ္ဒန္တဣန္ဒကသည် တာချီလိတ်မြို့နယ်စာရေးဆရာများအသင်း နှင့် တာချီလိတ်မြို့နယ်ရှိ တာချီလိတ်အွန်လိုင်း သတင်းဌာန အပါအ၀င်၊ သတင်းမီဒီယာများနှင့် တွေ့ဆုံကာ ငွေတောင်ဦး ကမ္မဋ္ဌာန်းကျောင်းတိုက် စတင် ဖြစ်ပေါ်လာပုံနှင့် လက်ရှိ ကျောင်းထိုင်ဆရာတော်အား လွှဲပြောင်းပေးအပ်သည့် ကိစ္စများကို အသေးစိတ် ရှင်းလင်း မိန့်ကြားတော်မူသည်။

( ငွေတောင်ဦးကမ္မဋ္ဌာန်းကျောင်းတိုက်၏ မူလဆရာတော်ကြီး )

ထိုသို့ ရှင်းလင်းမိန့်ကြားရာတွင် ငွေတောင်ဦး ကမ္မဋ္ဌာန်းကျောင်းတိုက်အား ၁၉၇၃ခုနှစ် ဇူလိုင်လ(၉)ရက် တနင်္လာနေ့က စတင်တည်ထောင်ခဲ့တာဖြစ်ကြောင်း နှင့် ၁၉၇၆ခုနှစ် ဇန်န၀ါရီလ (၂၈)ရက်နေ့တွင် ငွေတောင်ဦး တောင်ပေါ်၌ ငွေတိဂုံစေတီတော်မြတ်တစ်ဆူကို စတင်တည်ထားကိုးကွယ်ခဲ့ကြောင်း အပြင် ဆရာတော်သည် အမေရိကန်၊ နယူးယောက်မြို့ရှိ လောကချမ်းသာကျောင်းတိုက်မှ နေ၍ တာချီလိတ်သို့ ကြွရောက်လာခြင်းသည် ကျောင်းမြေ နှင့် ကျောင်းအဆောက်အဦကို လက်ရှိ ဆရာတော်အနေဖြင့် သာသနာအကျိုး ဆထက်တပိုး ထမ်းရွက်ပြီး ဆောင်ရွက်နိုင်ရန်အတွက် မေတ္တာတရားဝင် လွှဲပြောင်းပေးအပ်ရန်အတွက် ကြွရောက်လာခြင်းဖြစ်ကြောင်း မိန့်ကြားတော်မူသည်။

( လက်ရှိ ကျောင်းထိုင်ဆရာတော် )

တာချီလိတ်မြို့ ငွေတောင်ဦးကမ္မဋ္ဌာန်းကျောင်းတိုက်သည် မြန်မာနိုင်ငံအပါအ၀င် ထိုင်းနိုင်ငံရှိ ထိုင်းနိုင်ငံသားများမှလည်း လာရောက်၍ တရားကျင့်ကြံအားထုတ်သော ကမ္မဋ္ဌာန်းကျောင်းတိုက် တစ်ခုဖြစ်ပြီး လက်ရှိဆရာတော်ဖြစ်သော မဟာဂန္တ၀ါစကပဏ္ဍိတ၊ မဟာကမ္မဋ္ဌာနာစရိယ ဆရာတော် ဘဒ္ဒန္တ၀ိရောစနသည် ထိုင်းနိုင်ငံသို့လည်း မကြာခဏ ကြွရောက်၍ သာသနာပြုခရီးအဖြစ် ကြွရောက်တော်မူလေ့ရှိသည့် အပြင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ၀မ်းတွင်းမြို့နယ်၊ သဘွတ်ကုန်း၊ စံပြကျေးရွာတွင် ကားလမ်းသစ်ဖောက်လုပ်ခြင်း၊ ဆေးရုံဆေးပေးခန်းဆောက်လုပ်ခြင်း၊ စာသင်ကျောင်းဆောင် ဆောက်လုပ်လှူဒါန်းခြင်း၊ လမ်းတံတားများ ဆောက်လုပ်ခြင်း စသည်ဖြင့် ဇာတိမြေကို ကျေးဇူးဆပ်သည့် အနေဖြင့် သာသနာပြုနေလျက်ရှိကြောင်း သိရှိရသည်။

ပုံများကိုကြည့်ရန်
ငွေတောင်ဦး ကမ္မဋ္ဌာန်းကျောင်းတိုက်အား မူလဆရာတော်မှ လက်ရှိကျောင်း....

 Tachileik Online News ( www.tachileik.net  ) 
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~