ဖေဖော်ဝါရီလ (၁၆)ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည် တာချီလိတ်မြို့ မယ်ခေါင်ဘုန်းကြီးကျောင်း ခေါင်းလောင်းမျှော်စင် ရေစက်ချပွဲတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး မှ ရပ်ကွက်အတွင်း ဆင်းရဲနွမ်းပါးသည့် သက်ကြီးရွယ်အိုများအား ထောက်ပံ့ခြင်းနှင့် ရပ်ကွက်အတွင်း စံပြဇနီးမောင်နှံနှင့် စံပြလူငယ်များအား ဆုချီးမြှင့်ခဲ့ကြောင်း သိရသည်။
“စိတ်ထားမှန်တယ် စိတ်ကူးလဲမှန်တယ် ဒီလိုအုပ်ချုပ်ရေးမှူးတွေ များများပေါ်လာဖို့အရေးကြီးတယ်၊ ရပ်ကွက်တိုင်း ဒါမျိုးလိုက်လုပ်ရင် မြို့သာယာလှပမှာပါ..”ဟု မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေမှပြောသည်။
တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်အတွင်း ဆင်းရဲနွမ်းပါးသော သက်ကြီးရွယ်အို (၃)ဦး၊ စံပြဇနီးမောင်နှံနှင့် စံပြ လူငယ်(၂)ဦးတို့အား ဆုချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး ထိုသို့ ဆုချီးမြှင့်နိုင်ရန်အတွက် ရပ်ကွက်အတွင်း ရာအိမ်မှူးများမှ ရွေးချယ်စေပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုင်းအွတ်မှ ပြန်လည်၍ စိစစ်ရွေးချယ် ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။
“မထင်မှတ်ဘဲရလိုက်တဲ့ ဂုဏ်ပြုလက်မှတ်အတွက် အရမ်းဝမ်းသာပါတယ်၊ ဘွဲ့ရပြီး မိဘကိုလုပ်ကျွေးပြီး လိမ္မာတဲ့ သားသမီးတွေကိုပေးတဲ့ ဂုဏ်ပြုလက်မှတ်ဆိုတော့ ပိုပြီးဝမ်းသာတာပေါ့၊ ကျွန်မတစ်ခြားဆုတွေ ရဖူးပါတယ်၊ ဒီဂုဏ်ပြုလက်မှတ်ကတော့ တန်ဖိုးအကြီးဆုံးဘဲ..”ဟု ဆုရရှိသူ မအားနာမှပြောသည်။
ဆင်းရဲနွမ်းပါးသော အဘိုးအဘွားများအား ထောက်ပံ့မှုတွင် အသက်အကြီးဆုံး အဘွားအို ဒေါ်ပန်းမိုင်မှာ (၈၄)နှစ်ဖြစ်ကာ လေဖြတ်သဖြင့် ၀ှီးချဲ့ဖြင့်သွားလာရကြောင်း၊ အဘိုး ဦးစိုင်းလုံမှာ အသက်(၇၅)နှစ်ရှိပြီး အဘွား ဒေါ်ပန်းအိုးမှာ အသက်(၈၀)ရှိကြောင်း သိရသည်။
ရပ်ကွက်အတွင်း ရန်ဖြစ်ခြင်း လုံးဝမရှိသော ဇနီးမောင်နှံနှစ်ဦးအား စံပြဆုအဖြစ်ပေးရန်အတွက် ရှာဖွေရာ ဦးစိုင်းပန် အသက်(၆၀)နှစ်နှင့် ဒေါ်နန်းနော်အသက်(၅၈)နှစ်တို့မှာ ရပ်ကွက်အတွင်း လင်မယား အချင်းချင်း ရန်ဖြစ်ခြင်း လုံးဝမရှိသည်ကို တွေ့ရှိသဖြင့် စံပြဇနီးမောင်နှံအဖြစ် ဆုချီးမြှင့်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ဘွဲ့ရရှိထားကာ မိဘကို လုပ်ကျွေးနေသော လိမ္မာယဉ်ကျေးသော စံပြ လူငယ်များအဖြစ် ဆုချီးမြှင့်ပေးခဲ့ပြီး ထိုဆုအား မအားနာ၊(၂၅)နှစ် နှင့် မောင်စိုင်းအောင်တစ်(၂၂)နှစ်တို့မှ ရရှိသွားကြောင်းသိရသည်။
“ဒီလို စံပြဆုပေးတာတို့ ထောက်ပံ့ကူညီတာတို့က တာချီလိတ်မှာရှိတဲ့ ရပ်ကွက်တိုင်း လုပ်သင့်သလို တစ်နိုင်ငံ လုံးလိုက်လုပ်ရင် လူငယ်တွေလဲ မိဘကို လုပ်ကျွေးတဲ့သူတွေ ပိုများလာမယ်၊ အဘိုးအဘွားတွေလဲ လှစ်လျူရှုခြင်း မခံရတော့ဘူး၊ ဇနီးမောင်နှံတွေလဲ ရန်ဖြစ်သံတွေ မကြားတော့ရင် ကမ္ဘာမှာ စံပြနိုင်ငံတောင် မြန်မာဖြစ်နိုင်တယ်”ဟု တာချီလိတ် မြို့ခံတစ်ဦးမှ ပြောသည်။
တာချီလိတ်မြို့နယ်အတွင်း ရပ်ကွက်တာဝန်အား ကျေပွန်စွာ ထမ်းဆောင်သည့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် လူမှုအကျိုး ပိုမိုထမ်းဆောင်သော သူများအား ခရိုင်နှင့် မြို့နယ်အဆင့် အုပ်ချုပ်ရေးမှူးများမှ စံပြဆုချီးမြှင့်သင့်ကြောင်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ အနေဖြင့် ရပ်ကွက်အတွင်း အပြိုင်အဆိုင် လုပ်ငန်းတာဝန်ကျေပွန်စေရန်နှင့် ရပ်ကွက်တိုးတက်မှု ပေါ်အခြေခံ၍ ဆုချီးမြှင့်သော စနစ်ကျင့်သုံးလျှင် မြို့တော် အေးချမ်းသာယာနိုင်မည်ဖြစ်ကြောင်း မြို့ခံများထံမှ အကြံပြုစကား ကြားသိရသည်။
“ရန်ကုန်မြို့မှာတောင် မြို့နယ်အလိုက် အသန့်ရှင်းဆုံးဆုတို့၊ စည်းကမ်း အရှိဆုံးဆုတို့ကို မြို့တော်ဝန်က စည်းကမ်းသတ်မှတ်ချက်တွေလုပ်ပြီး စိစစ်ရွေးချယ်ပေးတာ ဒီမှာလဲ ရပ်ကွက် အလိုက်ကျင့်သုံးရင် တော်တော်ကောင်းမယ်”ဟု တာချီလိတ်နယ်ခံ ကိုမင်းမှပြောသည်။
ဓါတ်ပုံ။ ။ အောင်ကျော်ဝင်းစိန်(ဒီဂျစ်တယ်)