ရှမ်းပြည်နယ်၊ မြောက်ပိုင်း၊ တရုတ် - မြန်မာ နှစ်နိုင်ငံအနီး လောက်ကိုင်ဒေသတွင် ဖေဖော်ဝါရီလ (၉)ရက်နေ့မှစ၍ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲတွင် ကျဆုံး/ဒဏ်ရာရ အရာရှိ၊ စစ်သည်များနှင့် ကျန်ရစ်သူ မိသားစုဝင်များအား ဂုဏ်ပြုထောက်ပံ့ပေးအပ်နိုင်ရန်အတွက် တာချီလိတ်မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့မှ ဦးဆောင်၍ ဒေသခံပြည်သူများနှင့် ပူးပေါင်းကာ ထောက်ပံ့အလှူငွေများ ထည့်ဝင်လှူဒါန်းနေလျက်ရှိရာ ယနေ့ ၂၀၁၅ခုနှစ် ဖေဖော်ဝါရီလ(၂၃)ရက်နေ့ နံနက်ပိုင်းတွင် တာချီလိတ်မြို့ရှိ အောင်မြတ်ခန်းမ၌ အလှူငွေပေးအပ်ပွဲနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြသည်။
စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်နိုင်ဦး နှင့် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ကိုယ်စား၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစီးအရာရှိ ပထမတန်း(စစ်ရေး) ဒုတိယဗိုလ်မှူးကြီး ဌေးဝင်း တို့မှ ထောက်ပံ့အလှူငွေများ ပေးအပ်လှူဒါန်းကြသည့် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တိုင်းရင်းသားများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စီးပွားရေး လုပ်ငန်းရှင်များ နှင့် စေတနာရှင် ပြည်သူများအား ဂုဏ်ပြုမှတ်တမ်းလွှာများအား အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားတွင် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်နိုင်ဦးက တိုက်ပွဲဖြစ်ပွားခြင်းနှင့် ပတ်သက်၍ "နိုင်ငံတော် အချုပ်အခြာအာဏာ ပိုင်နက်နယ်မြေကို တစ်လက်မမျှ အထိပါး မခံရအောင် ကာကွယ် စောင့်ရှောက်နိုင်ရန် အတွက် နယ်မြေစိုးမိုးရေး၊ နယ်မြေစည်းရုံးရေး၊ နယ်မြေလုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာမှာ ယခုရက်ပိုင်းအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင် ဒေသမှာ ဖုန်ကြားရှင် ဦးဆောင်တဲ့ ကိုးကန့်သောင်းကျန်းသူများနှင့် တွေ့ဆုံတိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပါတယ်၊ ဖုန်ကြားရှင် ခေါင်းဆောင်သော ကိုးကန့်သောင်းကျန်းသူအဖွဲ့ဟာ ကျေးရွာ ပြည်သူ့စစ်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့များ၊ တပ်မတော်ဌာနချုပ်များကို စတင်တိုက်ခိုက်ခဲ့သဖြင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါတယ်"ဟု ပြောကြားသည်။
"နိုင်ငံတော် အစိုးရအနေနဲ့ ပြည်ထောင်စုနေ့မှာ ငြိမ်းချမ်းရေး အပစ်အခတ်ရပ်စဲရေး ဆောင်ရွက်နိုင်ဖို့ ဆောင်ရွက်နေချိန်မှာ တိုက်ခိုက်လာခြင်းဖြစ်လို့ လောက်ကိုင်ဒေသ တိုက်ခိုက်မှုများဟာ သာမန် ကိစ္စရပ်တစ်ခုလို စဉ်းစားဆောင်ရွက်လို့ မရတဲ့ အခြေအနေဖြစ်ကြောင်း တွေ့ရပါတယ်၊ လောက်ကိုင် ဒေသဟာ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်ပြီး ဦးပယ်စောက်ရှိန် ဦးစီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသကို တိုက်ခိုက်ခြင်းဟာ နိုင်ငံတော် အစိုးရနဲ့ နိုင်ငံတော်ကို တိုက်ခိုက်ခြင်းဖြစ်လို့ အချုပ်အခြာ အာဏာကို ထိခိုက်စေတဲ့ သဘောဖြစ်နေပါတယ်၊ ဒါကြောင့် ဒို့တာဝန် အရေး(၃)ပါးကို ထိခိုက်လာတဲ့ အနေအထားဖြစ်တဲ့အတွက် တပ်မတော်အနေနဲ့ မကာကွယ်လို့ မရတဲ့ အနေအထားဖြစ်ပါတယ်.."ဟု ၎င်းမှ ဆက်လက်ပြောကြားသည်။
ယခုလို ပြည်သူများနှင့် စီးပွားရေး လုပ်ငန်းရှင်များ၊ လူမှုရေးအသင်းအဖွဲ့များအပြင် စစ်ဗျူဟာအဖွဲ့ (အခြေချ)တာချီလိတ် နှင့် ကွပ်ကဲမှုအောက်ရှိ တပ်ရင်း/တပ်ဖွဲ့၊ စစ်မှုထမ်းဟောင်းအဖွဲ့စသည်တို့မှ စုပေါင်းလှူဒါန်းကြသည့်အတွက် နိုင်ငံတော်နှင့် တပ်မတော်ကိုယ်စား ၀မ်းမြောက်ဂုဏ်ယူ အထူးကျေးဇူးတင်ရှိပါကြောင်း စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်နိုင်ဦးက ကျေးဇူးတင်စကားပြောကြားကာ အခမ်းအနားပြီးမြောက်ခဲ့ကြသည်။
ယနေ့ လှူဒါန်းကြသော စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တိုင်းရင်းသားများ၊ လူမှုရေး အသင်းအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များ နှင့် စေတနာရှင် ပြည်သူများ၏ စုစုပေါင်း လှူဒါန်းငွေမှာ မြန်မာကျပ်ငွေ(၁၀,၈၉၂,၂၀၀) နှင့် ထိုင်းဘတ်ငွေ(၁၂၁,၁၈၀)ရှိကြောင်း သိရသည်။
"ကျွန်တော်တို့ စစ်မှုထမ်းဟောင်အဖွဲ့ကနေပြီး အလှူငွေစာရင်းစာအုပ်တွေ ချပေးထားတာရှိပါတယ်၊ လက်ကျန်စာအုပ်တွေကို စာရင်းထပ်ချုပ်ပြီးသွားရင် ဒုတိယအကြိမ်အဖြစ် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲ ပြုလုပ်ပေးသွားပါမယ်..."ဟု မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဌ ဦးကျော်ဇင်မှ ပြောသည်။
ရှမ်းပြည်နယ်၊ မြောက်ပိုင်း၊ လောက်ကိုင်ဒေသတွင် ဖေဖော်ဝါရီလ (၉)ရက်နေ့မှ (၁၅)ရက်နေ့အထိ တိုက်ပွဲဖြစ်စဉ်ပေါင်း (၂၈)ကြိမ်ကြိမ်တိတိ ဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်တစ်လျှောက်တွင် တပ်မတော်မှ အရာရှိ(၆)ဦး၊ စစ်သည်(၄၇)ဦး အသက်ပေးလှူခဲ့ရပြီး အရာရှိ(၁၁)ဦး၊ စစ်သည် (၆၉)ဦး ဒဏ်ရာရရှိခဲ့သည့်အပြင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဒုရဲအုပ်(၁)ဦး၊ ရဲတပ်ဖွဲ့ဝင်(၆)ဦးတို့ ကျဆုံးခဲ့ကာ ရန်သူ့ထံမှ အလောင်း(၃၂)လောင်း၊ လက်နက်မျိုးစုံ (၁၀၉)လက် ရရှိခဲ့ကြောင်း သိရသည်။
လောက်ကိုင်၌ ဖြစ်ပွားသော တိုက်ပွဲနှင့် ပတ်သက်၍ တိုင်းဒေသ အသီးသီး နှင့် အမြို့မြို့အနယ်နယ်တိုင်းတွင် ယခုလို တိုက်ပွဲတွင် ကျဆုံး/ဒဏ်ရာရ စစ်သည်များ နှင့် ကျန်ရစ်သူ မိသားစုများအတွက် စေတနာရှင် ပြည်သူများမှ အလှူငွေများ ထောက်ပံ့လှူဒါန်းလျက်ရှိကြောင်း သိရသည်။
တာချီလိတ်မြို့တွင် ယခုလို ထောက်ပံ့ပေးအပ် လှူဒါန်းမှုအဖြစ် စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ်တွင် (၂)ကြိမ် တိတိပြုလုပ်ခဲ့ပြီးဖြစ်ရာ ထောက်ပံ့လှူဒါန်းငွေမှာ ကျပ်သိန်းတစ်ရာကျော်လှူဒါန်းနိုင်ခဲ့ပြီး ဆက်လက်၍လည်း တာချီလိတ်ဒေသခံများမှ လှူဒါန်းနေလျက်ရှိကြောင်းလည်းသိရသည်။
ဆက်လက်၍ လှူဒါန်းလိုသူများ အနေဖြင့် တာချီလိတ်မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့သို့လည်းကောင်း၊ စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ်သို့လည်းကောင်း၊ တာချီလိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတွင်လည်းကောင်း၊ သက်ဆိုင်ရာဌာနများတွင်လည်း လှူဒါန်းနိုင်မှာဖြစ်ကြောင်း သိရသည်။
တာချီလိတ်မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ရုံး
အကောက်ခွန်ရုံးဘေး၊ ၀မ်ကောင်းရပ်ကွက်၊ တာချီလိတ်မြို့။
မြန်မာဖုန်း။ ။ ၀၈၄-၅၁၆၃၀၊ ၀၉-၂၅၄၃၃၈၀၀၈