ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ မြန်မာနိုင်ငံသံရုံးတွင် မြန်မာအလုပ်သမားများမှ ဖေဖေါ်ဝါရီ(၁၆)ရက်နေ့ နံနက်ပိုင်းက ဆန္ဒပြခဲ့ကြောင်း သိရသည်။
ဆန္ဒပြမှုအား ထိုင်းစစ်တပ်နှင့် ရဲတပ်ဖွဲ့မှ အချိန်(၁)နာရီသာ ပေးထားကြောင်း၊ မြန်မာသံရုံးမှ ဆန္ဒပြမည့် သူများအား အနည်းငယ်သာ လာရန် လူအများကြီးလာခြင်း မပြုရန်ပြောထားကြောင်း ဆန္ဒပြသူများမှ မြန်မာသံရုံးသို့ ပေးအပ်မည့် အချက်အလက်များအား မြန်မာသံရုံးမှ ယူဆောင်သွားကြောင်း ၎င်းထံမှသိရသည်။
“အစကတော့ သံအမတ်ကြီးကိုယ်တိုင် ဒီစာတွေကို လာယူမယ်လို့ ပြောတယ်၊ ဒါပေမယ့် တကယ်သွားတဲ့ အခါတော့ သံအမတ်ကြီးက ထွက်မယူဘူး ဒါပေမယ့် သံရုံးက တာဝန်ရှိသူတွေကိုတော့ အလုပ်သမားတွေနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေတော့ အပ်နှံခဲ့ပါတယ်”ဟု ဆန္ဒပြရာတွင် ပါဝင်သူတစ်ဦးမှ ပြောသည်။
MOUတုံးများ ထုပေးသောကြောင့် မြန်မာရွှေ့ပြောင်း အလုပ်သမားများမှာ ယခုအခါ အလုပ်အကိုင်များ ပြောင်းရွှေ့မရခြင်း အလုပ်ရှင်သစ်များမှ မခေါ်ယူခြင်း စသည့် အခက်ခဲများ ကြုံတွေ့နေကြရသောကြောင့် အလုပ်သမားများအား မြန်မာနိုင်ငံအစိုးရအနေဖြင့် ကူညီစောင့်ရှောက်ရန် လိုအပ်ကြောင်း သိရသည်။
“MOU တံဆိပ်တုံး အထုခံလိုက်ရတဲ့အတွက် အလုပ်သမားတွေက ပွဲစားကုမ္ပဏီ တင်သွင်းလာခဲ့တဲ့ အလုပ်သမားလို ဖြစ်သွားတယ်၊ ဒီလိုဆို ပွဲစားကုမ္ပဏီတွေရဲ့ မတရားဖိနှိပ်မှုနဲ့ ချုပ်ချယ်မှု အောက်ရောက်သွားမှာ“ဟု ဆန္ဒပြသူများမှပြောသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ အလုပ်သမားဝန်ကြီးဌာန တို့မှ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအား ဖိနှိပ်မှုယန္တရားဖြစ်သော MOU တံဆိပ်တုံးထုခြင်းကို အလျင်အမြန် ရပ်တန့်ပေးရန် လိုအပ်ကြောင်း၊ ထိုင်းရောက် အလုပ်သမားများသည် ထိုင်းနိုင်ငံ အကျိုးစီးပွားကို ကာကွယ်ပြီး ပြဌာန်းထားသည့် ဥပဒေအောက်၌ပင် ရုန်းမရအောင် နှိပ်ကွပ်ခံနေကြ ရပြီးဖြစ်ကြောင်း ယခုတစ်ခါ လွဲမှားသော မူဝါဒကိုပါ အေဂျင်စီများက အကောင် အထည်ဖေါ်နေကြပါသဖြင့် အလုပ်သမားဝန်ကြီး အနေဖြင့် အလုပ်သမားများ၏ နစ်နာဆုံးရှုံးမှုများအား အလျင်အမြန် ရပ်တန့်သင့်ပါကြောင်း ဆန္ဒပြသူများ၏ မြန်မာသံရုံးသို့ အိတ်ဖွင့်ပေးစာတွင် ပါဝင်ကြောင်းသိရသည်။
သတင်း ။ ။ ဇက်(Z)
ဓါတ်ပုံ ။ ။ ဘကြီး ဖြိုးသစ်ဆန်း