မြန်မာနိုင်ငံအတွင်း အချိန်အခါမဟုတ်ဘဲ မိုးရွာနိုင်

မြန်မာနိုင်ငံအတွင်း အချိန်အခါမဟုတ်ဘဲ မိုးရွာနိုင်
ဇန်နဝါရီ 8, 2015
By Tachileik News Agency
ယနေ့ ၂၀၁၅ခုနှစ် ဇန်န၀ါရီလ(၈)ရက်နေ့တွင် တာချီလိတ်မြို့၏ ရာသီဥတု အခြေနေမှာ နေ့လယ် (၃)နာရီ အချိန်ထိ နေရောင်မပေါ်သေးဘဲ ရှိနေပြီး၊ ဇန်န၀ါရီလ(၇)ရက် ညပိုင်းက (၂)မိနစ်ခန့် ရုတ်တရက် မိုးရွာကျသည်။ အချိန်အခါမဟုတ်ဘဲ မိုးရွာကျမှုသည် ထိုင်းနိုင်ငံ အရှေ့တောင်ဘက်က တိမ်တိုက်များကြောင့် ဖြစ်နိုင်ပြီး ဒီရက်ပိုင်းတွေမှာ မိုးရွာမည်ဟု ကမ္ဘာ့မိုးလေ၀သခန့်မှန်း website များအရ ဒေသခံများက သုံးသပ်သည်။
(  မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်၏ Facebook တွင် ဖော်ပြထားသည့် ပုံ )

မြန်မာနိုင်ငံ၏ မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်၏ Facebook တွင် ဇန်န၀ါရီလ(၈)ရက် နေ့လယ်(၁)နာရီ အချိန်က "ဇန်န၀ါရီလ (၈-၉-၁၀)ရက်တွေ အတွင်း မြန်မာနိုင်ငံအရှေ့ပိုင်း၊ တောင်ပိုင်း နဲ့ မြစ်ဝကျွန်းပေါ်ဒေသတွေမှာ အချိန်အခါမဟုတ် မိုးတွေရွာနိုင်ပါတယ်။ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း တွေမှာ အဓိက ရွာသွန်းနိုင်ပါတယ်။" ဟု ရေးသားဖော်ပြထားရှိသည်။

ထို့အတူ ထိုင်းနိုင်ငံ သတင်းရုပ်သံများတွင်လည်း ဇန်န၀ါရီလ (၈)ရက်နေ့မှ (၁၀)ရက်နေ့အထိ မိုးရွာခြင်း နှင့် မိုးသီးများကျနိုင်သည် အထိ ဖြစ်ပွားဖွယ်ရှိကြောင်း အသိပေးကြော်ငြာထားရှိသည်။
သဘာဝဘေး အန္တရာယ်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံအတွင်း ၂၀၁၅ ခုနှစ် ဇန်န၀ါရီ(၆)ရက်နေ့တွင် ငလျင် (၃)ကြိမ်နှင့် ဇန်န၀ါရီ(၇)ရက်နေ့တွင် ငလျင်(၂)ကြိမ်လှုပ်ခတ်ခဲ့ကြောင်း ထိုင်းနိုင်ငံ ငလျင်ထုတ်ပြန်ရေးဌာန မှထုတ်ပြန်ချက်အရ သိရသည်။

သတင်း ။  ။ ကိုဇောင်း

 Tachileik Online News ( www.tachileik.net  ) 
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~