ရှမ်းပြည်နယ်၊ မြောက်ပိုင်းဒေသ၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့တွင် မူးယစ်တပ်ဖွဲ့စု (၂၂)မူဆယ်၊ နမ့်ခမ်းလှုပ်ရှား အဖွဲ့ နှင့် နယ်မြေခံရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ၂၀၁၅ခုနှစ် ဇန်န၀ါရီလ(၂၀)ရက် ညနေ(၅း၃၀)နာရီခန့်က ဘိန်းစိမ်းနှင့် စိတ်ကြွဆေးပြားများကို သယ်ဆောင်လာသူနှင့်အတူ ဖမ်းဆီးရမိကြောင်း အဆိုပါ မူးယစ်တပ်ဖွဲ့မှ သိရသည်။
မူးယစ်တပ်ဖွဲ့စု (၂၂)မူဆယ်၊ နမ့်ခမ်းလှုပ်ရှားအဖွဲ့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နမ့်ခမ်း - ပန်းဆေးသွား ကားလမ်း၊ နမ့်ခမ်းမြို့နယ်၊ နမ္မတီးကျေးရွာအ၀င် ကားလမ်းမပေါ်တွင် မူးယစ်ဆေးဝါး သတင်းအရ စောင့်ဆိုင်းနေကြရာမှ ပန်းဆေးရွာဘက်မှ နမ့်ခမ်းမြို့ဘက်သို့ ဟန်ရုန့်ထန်း(ကျား) မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့် စစ်ဆေးရှာဖွေရာမှ ဘိန်းစိမ်းများနှင့် စိတ်ကြွဆေးပြားများကို ရှာဖွေ သိမ်းဆည်းရမိတာ ဖြစ်ကြောင်း သိရသည်။
ပူးပေါင်းအဖွဲ့မှ ရှာဖွေသိမ်းဆည်းရမိရာတွင် ဟန်ရုန့်ထန်း(ကျား) မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ် ထဲမှ ကာလတန်ဖိုးငွေ ကျပ်(၂၅)သိန်းခန့် တန်ဖိုးရှိပြီး အလေးချိန်(၂.၅)ကီလိုရှိသည့် ဘိန်းစိမ်းများနှင့် Wy နှင့် 1 စာတန်း တစ်ဖက်စီပါသည့် ပန်းရောင်စိတ်ကြွဆေးပြား (၁၉၀)ပြား အပြင် Wy စာတမ်းပါသည့် နီညိုရောင် စိတ်ကြွဆေးပြား (၄၀၀)ပြားတို့ကို ရှာဖွေရရှိရာ စိတ်ကြွဆေးပြား (၅၉၀)ပြား၏ ကာလ တန်ဖိုးငွေမှာ ကျပ်(၁၁)သိန်းကျော်ရှိကြောင်း နှင့် မူးယစ်ဆေးဝါးများကို သယ်ဆောင်လာသူအား နမ့်ခမ်းမြို့မ ရဲစခန်းတွင် မယ(ပ) ၁၀/၂၀၁၅၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၀(ခ)အရ အမှုဖွင့်ထားရှိကြောင်း မူးယစ်တပ်ဖွဲ့မှ သိရသည်။
အဆိုပါ မူးယစ်တပ်ဖွဲ့မှ ဇန်န၀ါရီလ(၂၀)ရက်နေ့ တစ်ရက်တည်းတွင် နမ့်ခမ်းမြို့၌ မူးယစ်ဆေးဝါး အမှုများနှင့် ပတ်သက်၍ (၄)မှုဖမ်းဆီး ရမိရာတွင် စုစုပေါင်းအနေဖြင့် ဘိန်းဖြူ(၁)ဂရမ်၊ ဘိန်းစိမ်း(၂.၅)ကီလို နှင့် စိတ်ကြွဆေးပြား (၆၀၀)ပြားတို့ကို ဖမ်းဆီးသိမ်းဆည်းရမိကြောင်း သိရှိရသည်။