ထိုင်းနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနမှ ကြက်သွေးများအား ကျန်းမာရေး ထိခိုက်မှုတစ်ရပ်အနေဖြင့် အစာအဆိပ်သင့်မှု ဖြစ်စေကြောင်း ထုတ်ပြန်ထားသည်။
“ဗစ်ဘရီယို ပါရာဟေမို လစ်တစ်ကပ်စ်ဆိုတဲ့ ဘက်တီးရီးယားဟာ အစာအဆိပ်သင့်မှု ဖြစ်စေပြီး၊ ကြက်သွေးကနေ လာတယ်လို့ ယူဆနေကြပါတယ်။ အစာအိမ် အူလမ်းကြောင်းကို ထိခိုက်စေတဲ့ ကူးစက်ရောဂါတွေ ဖြစ်နေတယ်ဆိုတဲ့ စစ်ဆေးချက်ကို အတည်ပြုဖို့ စောင့်ဆိုင်းနေစဉ် အတွင်း ကြက်သွေးကို အစားအစာတွေထဲမှာ အသုံးမပြုဖို့ကို နခွန်ရာခ်ျစီမာခရိုင် ကျန်းမာရေးဌာနက မှာကြားထားသည်။
“ချင်းမိုင်ကနေ သတင်းပို့ထားတဲ့ ရောဂါကူးစက်မှုကိစ္စကို နခွန်ရာခ်ျစီမာ ခရိုင်က စက်ရုံတခုမှာ ခြေရာခံတွေ့ထားပေမယ့် ဘယ်တခုလဲဆိုတာကို တိတိကျကျ လိုက်ဖို့ လိုပါတယ်"ဟု ထိုင်းနိုင်ငံ မွေးမြူရေးဖွံ့ဖြိုးမှုဌာန ဒုတိယညွှန်ချုပ် ဆိုရာဗစ်တာနီတိုက ပြောသည်။
“ထိုင်းနိုင်ငံက စက်ရုံတွေမှာ သုံးစွဲထားတဲ့ စံနှုန်းတွေအပေါ် ယုံကြည်စိတ်ချထားပြီး သက်ဆိုင်ရာ အာဏာပိုင်တွေကလည်း ဘက်တီးရီးယားရဲ့ မူလရင်းမြစ်ကို ရှာတွေ့နိုင်လိမ့်မယ်လို့ ယူဆထားကြောင်း” ၎င်းမှ ဆက်လက်ပြောကြားသည်။
ဗစ်ဘရီယို ပါရာဟေမို လစ်တစ်ကပ်စ် ဆိုတဲ့ ဘက်တီးရီးယားကို ရေချိုငါးတွေနဲ့ ကြက်ခြံတွေမှာ တွေ့ရနိုင်ပြီး ဘက်တီးရီးယားအန္တရာယ် သတိပေးချက်ကြောင့် ထိုင်းနိုင်ငံ နခွန်ရာခ်ျစီမာခရိုင်ထဲက မူလတန်းကျောင်း အားလုံးတွင် ကျောင်းသားများ၏ နေ့လယ်စာ အစားအသောက် စာရင်းထဲကနေ ကြက်သွေးကို ဖယ်ရှားထားရန် ထိုင်းနိုင်ငံ၊ နခွန်ရာခ်ျစီမာခရိုင် ကျန်းမာရေးဌာနမှ ထုတ်ပြန်ထားသည်။
“ဗစ်ဘရီယိုဘက်တီးရီးယားဟာ ကြက်ဆီထမင်း နဲ့ ကြက်သားထဲမှာ ပါဝင်တာမဟုတ်ဘဲ သူနဲ့တွဲဘက် စားသုံးတဲ့ သွေးခဲထဲမှာသာ ပါဝင်နိုင်တာမို့ နည်းလမ်းမှန်စွာ ပိုးသတ်ထားတဲ့ သွေးခဲကိုသာ ၀ယ်ယူစားသုံးကြဖို့ ဇန်န၀ါရီလ (၁၄)ရက်နေ့ အစည်းအဝေးမှာ ထိုင်းကျန်းမာရေးဝန်ကြီးဌာန ရောဂါကာကွယ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ဆိုဖွန်း မိတ်ထောန်းမှ ပြောကြားခဲ့သည်။
အထူးသဖြင့် ဈေးများတွင် ၀ယ်ယူသော သွေးခဲကို ကျက်အောင်ပြန်ပြုတ်သင့်ကြောင်း ၊ အပူချိန် ၇၅ ဒီကရီဆဲလ်စီယပ်နှင့် ၁၅ မိနစ်ခန့် ကြာအောင် ပြုတ်သင့်ကြောင်း၊ စင်းနှီတုံးအား သီးသန့်ထားကာ အနာရှိသော လက်ဖြင့် ခုတ်ထစ်လှီးဖြတ်ခြင်းမပြုရန်၊ ကိုင်တွယ်တဲ့အခါ လက်အိတ်စွပ်ရန်အတွက် ထိုင်းနိုင်ငံ ကျန်းမာရေးဌာနမှ သတိပေးထုတ်ပြန်ထားကြောင်းသိရသည်။
တာချီလိတ်မြို့နှင့် နီးစပ်သည့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ ပြည်သူ့ဆေးရုံသို့ ကြက်သွေးခဲ အစာအဆိပ်သင့်မှုနှင့် ပတ်သက်၍ တာချီလိတ်အွန်လိုင်းမှ ဆက်သွယ်မေးမြန်းသည့်အခါ ၎င်းတို့တွင် ကြေညာချက် ထုတ်ပြန်ထားခြင်း မရှိကြောင်း ဆေးရုံရှိ မြန်မာပိုင်း တာဝန်ရှိသူမှ ပြန်လည်ဖြေကြားလာသည်။
ထိုင်းနိုင်ငံအတွင်းရှိ ကြက်သားထုတ်လုပ်သည့် အစားအစာ စက်ရုံ(၂၇)ရုံအား မွေးမြူရေးဦးစီးဌာနမှ စုံစမ်းစစ်မှုများ ပြုလုပ်လျှက်ရှိကြောင်း ထိုင်းနိုင်ငံ မီဒီယာများ၏ ဖေါ်ပြချက်အရ သိရသည်။
Ref; maesaionlinenews, Thai News