တာချီလိတ်မြို့တွင် မြို့မ(ဝမ်ကောင်း)ဈေးအား အဆင့်မြှင့်တင်၍ ဆောက်လုပ်နေပြီးနောက် မကြာမီကာလအတွင်း၌ အဆိုပါ ဈေးအား ဖွင့်လှစ်တော့မှာဖြစ်သည့်အတွက် မူလပျံကျနေရာများ မရရှိသေးသည့် ပျံကျဈေးသည်များဖြစ်သည့် (၈၆)ခုံတန်းအဖွဲ့က ကျန်ရှိနေသေးသည့် ပျံကျခုံတန်း (၂၀)ခုံ ပြန်လည်ရရှိရေးအတွက် ဆက်လက်၍ တောင်းဆိုနေသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ယနေ့ ၂၀၁၄ခုနှစ် ဒီဇင်ဘာလ(၁၇)ရက် နေ့လယ်(၁)နာ၇ီအချိန်က တာချီလိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် "ဈေးအပြင်တန်း (၈၆)နေရာ မြေညီထပ်တွင် အပြည့်အ၀ ပြန်လည်ရရှိရေး ဈေးသူဈေးသားများ၏ သတင်းစားရှင်းလင်းပွဲ"ခေါင်းစဉ်ဖြင့် သတင်းမီဒီယာများအား ဖိတ်ကြား၍ သတင်းစာရှင်းလင်းပွဲကို အချိန် (၁)နာရီကျော်အကြာ ကျင်းပပြုလုပ်ခဲ့ကြသည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ပျံကျ(၈၆)ခုံတန်းအဖွဲ့မှ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးလှခင်က ဈေးကိစ္စနှင့် ပတ်သက်၍ လွှတ်တော်တွင် တင်သွင်းထားသည့် ကိစ္စရပ်ကို ရှင်းပြသည်။ ဆက်လက်၍ ကျန်ရှိသည့် ဈေးခုံတန်း မရရှိပါက အမျိုးသားဒီမိုကရေစီ၏ ဗဟို ဥပဒေအထောက်ကူပြုအဖွဲ့နှင့် ရှေ့နေများအသင်းရဲ့ အကြံပြုချက်အရနဲ့ နစ်နာဆုံးရှုံးမှုဖြစ်အောင် ပြုလုပ်သူများဖြစ်တဲ့ စည်ပင်အရာရှိဟောင်း၊ ဆောက်လုပ်ရေးကုမ္ပဏီ၊ ဈေးကော်မတီဝင် (၃)ဦး၊ သီးခြားသက်သာခွင့် ဥပဒေ ပုဒ်မ ၄၂ ဖြင့် တရားစွဲဆိုဖို့ စီစဉ်ထားရှိကြောင်း နှင့် ဥပဒေအထောက်အကူပြုအဖွဲ့ရဲ့ အကူအညီကိုလည်း ရယူပြီး ဆောင်ရွက်သွားမှာဖြစ်ကြောင်း ကနဦး ရှင်းလင်းပြောကြားသည်။
ယင်းနောက် ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးသန်းအောင်က ယခု ပျံကျခုံတန်းနေရာရရှိရေး ကိစ္စနှင့် ပတ်သက်၍ ဇမ္ဗူသီရိမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ၎င်းတို့၏ နစ်နာချက်အတွက် တာချီလိတ်မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသိန်းအောင် နှင့် မိုင်းဖြတ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျောက်တို့၏ ထောက်ခံချက်ဖြင့် ပြည်သူ့လွှတ်တော်တွင် ကြယ်ပွင့်မပြ မေးခွန်းအဖြစ် နိုဝင်ဘာလ(၁၈)ရက်နေ့ကတင်သွင်းထားသည်ဖြစ်ရာ ထိုသို့ တင်သွင်းထားသည့် ကာလအတွင်း စည်ပင်သာယာရေးကော်မတီ ချပေးထားသည့် အခန်းများကို လက်မှတ်ရေးထိုးရန် သတ်မှတ်ရက်အား ယာယီဆိုင်းငံ့ပေးထားပါရန် တင်ပြထားသော်လည်း စည်ပင်သာယာရေးကော်မတီမှ ဒီဇင်ဘာလ(၅)ရက်နေ့က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် လက်မှတ်မထိုးသူ (၃၇)ဦး ရှိသဖြင့် ယင်းခုံများကို စည်ပင်သာယာရေးကော်မတီမှ ခန့်ခွဲသွားမည်ဖြစ်ကြောင်း ပြောဆိုချက်သည် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များကို တန်ဖိုးမထားသည့် လုပ်ရပ်ဖြစ်ကြောင်း ရှင်းလင်းပြောဆိုသည်။
ထပ်မံ၍ အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဇင်ဦးက ပြီးခဲ့သည့် ၂၀၁၂ခုနှစ် ဒီဇင်ဘာလ(၂၄)ရက်နေ့က ဈေးအပြင်တန်း(၈၆) နေရာအဖွဲ့နှင့် ဒေသအာဏာပိုင်များ အပါအ၀င်၊ စည်ပင်အမှုဆောင်အရာရှိ နှင့် တာဝန်ရှိသည့် ဌာနဆိုင်ရာများ တက်ရောက်သည့် ညှိနှိုင်းအစည်းအဝေးတွင် (၁) ဈေးဆောက်လုပ်ခြင်းကို အားလုံးက သဘာတူညီကြောင်း၊ (၂) နေရာပြန်လည် ချထားရာတွင် ဈေးအတွင်းနှင့်အပြင်ပေါင်း၍ ရောင်းချရေးကော်မတီဖွဲ့စည်းဆောင်ရွက်ရန်၊ (၃) လက်ရှိရောင်းချနေသည့် ပျံကျဈေးသည်များအား ဦးစားပေး ရောင်းချပေးရန် စသည့် အချက်(၃)ချက်ကို အစည်းဝေး ဆုံးဖြတ်ချက်အဖြစ် ဆုံးဖြတ်ခဲ့ကြပြီး အဆိုပါ အစည်းဝေးမှတ်တမ်းကို အစည်းဝေး တက်ရောက်လာသူများအား ဖြန့်ဝေထားပြီးဖြစ်သည့်အတွက် ၎င်းတို့အနေဖြင့် အထောက်အထား အခိုင်အမာရှိကြောင်း၊ ငါးတန်းကိစ္စနေရာ ချထားမှု နှင့် ပတ်သက်၍လည်း ၂၀၁၄ခုနှစ် နိုဝင်ဘာလ (၂၇)ရက်နေ့က သားသတ်ခုံ(၈)ခုံ၊ သားငါးခုံ(၂၀)ခုံ၊ စုစုပေါင်း (၂၈)ခုံကို နေရာချထားပေးခဲ့သလို လူသစ်များအား လိုင်စင်ထုတ်ပေးမည်ဟု ဆိုကာ ကျပ်(၇၀၀၀၀) ပေးဆောင်စေပြီး နောက်ထပ် ခုံ(၁၄)ခုံကို ချထားပေးသည့်အခါမှာ စုစုပေါင်း (၄၂)ခုံဖြစ်သွားကြောင်း ရှင်းပြသည်။
ဆက်လက်၍ ၎င်းမှပင် မိမိတို့ ဈေးအပြင်တန်း (၈၆)ခုံနေရာအဖွဲ့သည် လစဉ်ကြေး ဘတ်(၃၀)၊ ဈေးကောက်(၁၅)ဘတ်၊ ခုံနေရာအတွက် ချထားစဉ် ဘတ်(၈၈၀) ပေးဆောင်ထားရသဖြင့် တစ်နှစ်လျှင် မြန်မာကျပ်ငွေဖြင့် (၄၆၈၀၀)ကျပ် ပေးဆောင်ရပြီး အနည်းဆုံး (၁၅)နှစ်ဖြင့် တွက်လျှင် ကျပ်ငွေ(၇၀၂၀၀၀) ပေးသွင်းထားသူများဖြစ်ပါလျက် မိမိတို့ (၈၆)ခုံနေရာအား နစ်နာအောင် တမင်ရည်ရွယ်ချက်ရှိရှိဖြင့် ပြုလုပ်နေခြင်း ဖြစ်ကြောင်း စသည်ဖြင့် ရှင်းလင်းပြောကြားသွားသည်။
အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးမြင့်အောင်မှလည်း ပြီးခဲ့သည့် ဒီဇင်ဘာလ(၅)ရက်နေ့က စည်ပင်သာယာရေးကော်မတီ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်ဖြစ်သော "မူလပိုင်ဆိုင်ထားမှုများ တရားဝင်ခြင်း မရှိသည့်အတွက် အပြည့်အ၀ ပြန်လည်ပေးအပ်နိုင်ခြင်း မရှိကြောင်း"ကို (၈၆)ပျံကျဈေးသူဈေးသားများမှ သဘောမတူ ကန့်ကွက်ကြောင်း၊တင်ဒါစည်းကမ်းချက် အပိုဒ်(ဆ)တွင် ပျံကျဈေးသည်များအတွက် လုံလောက်သည့် အရေအတွက် တည်ဆောက်မည့် ပုံစံကို ပါရှိမည်ဟု ဖော်ပြထားကြောင်း၊ ၎င်းတို့သည် ၁၉၉၈ခုနှစ်ကတည်းက (၅x၅)ပေ ခုံနေရာအတွက် ဘတ်(၈၈၀)၊ကျပ်(၂၅၀၀၀)၊ လစဉ်ကြေးဘတ်(၃၀)၊ ကျပ်(၁၀၀၀)ခန့် နေ့စဉ် ဈေးကောက်(၁၅)ဘတ်၊ ကျပ်(၄၅၀)ခန့် ပေးဆောင်ပြီး (၁၅)နှစ်မှ (၂၀)နှစ်အထိ ဈေးရောင်းချခွင့် လိုင်စင်စာအုပ်ဖြင့် ရောင်းချနေသူများဖြစ်ပြီး ဈေးဟောင်းဖျက်သိမ်းသည့် ၂၀၁၃ခုနှစ် စက်တင်ဘာလအထိ အခွန်အခပေးဆောင် ခဲ့သူများဖြစ်သလို ဈေးရောင်းချခွင့် လိုင်စင်စာအုပ်ကို ရုတ်သိမ်းကြောင်း စည်ပင်သာယာရေးအဖွဲ့မှ အမိန့်ထုတ်ပြန် ထားခြင်းလည်း မရှိကြောင်း ရှင်းလင်းတင်ပြ ပြောကြားသွားသည်။
ယင်းနောက် တက်ရောက်လာသည့် သတင်းမီဒီယာများမှ သိလိုသည်များကို မေးမြန်းကြရာ ဈေးသူဈေးသားများ အဖွဲ့မှ ပြန်လည်ရှင်းလင်းကြရာတွင် ၎င်းတို့အနေဖြင့် လေးပွင့်ဆိုင်ဖြစ်သည့် ခရိုင်အုပ်ချုပ်ရေးမှူး၊ စည်ပင်အမှုဆောင်အရာရှိ၊ မင်းခေတ်သစ် ဆောက်လုပ်ရေးကုမ္ပဏီ နှင့် ဈေးသူဈေးသားဘက်မှ ကိုယ်စားလှယ်တို့ဖြင့် တွေ့ဆုံ၍ ယတိပြတ် ဆွေးနွေးလိုကြောင်း၊ ၎င်းတို့၏ လက်ကျန် (၂၀)ခုံ ပြန်လည်မရရှိပါက သပိတ်စခန်းဖွင့်လှစ်၍ ဆန္ဒထုတ်ဖော်ပြသခြင်း၊ သီးခြားသက်သာခွင့် ဥပဒေဖြင့် တရားစွဲဆိုသွားခြင်း စသည်တို့ကို ပြုလုပ်မည့်အပြင် ၎င်းတို့၏ ကိစ္စမပြေလည်ဘဲ ဈေးသစ်အား ဖွင့်လှစ်သွားမည်ဆိုပါကလည်း ဆက်လက်၍ တောင်းဆိုသွားမှာဖြစ်ကြောင်း ရှင်းလင်းဖြေကြားသွားခဲ့ကြသည်။
ယခုဖြစ်ပေါ်နေသော တာချီလိတ်မြို့မ(၀မ်ကောင်းဈေး)နှင့် ပတ်သက်၍ ပျံကျဈေးသူဈေးသားများနှင့် စည်ပင်သာယာရေး ကော်မတီ၊ ဆောက်လုပ်ရေးကုမ္ပဏီတို့ အကြိမ်အကြိမ် အခါအခါ တွေ့ဆုံညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြပြီးဖြစ်သော်လည်း အဆင်မပြေသေးသည်ကို တွေ့ရပြီး ယခုလို သတင်းစာ ရှင်းလင်းပွဲကို ပထမအနေဖြင့် (၈၆)ခုံ ပျံကျဈေးသူဈေးသားများအဖွဲ့မှ ၂၀၁၄ခုနှစ် စက်တင်ဘာလ (၃၀)ရက်က တစ်ကြိမ် ပြုလုပ်ခဲ့ပြီးနောက် ဒီဇင်ဘာလ(၅)ရက်နေ့က စည်ပင်သာယာရေးကော်မတီမှ ပထမအကြိမ် ပြုလုပ်ပြီး ထွက်ပေါ်လာသည့် အဖြေများပေါ် မူတည်၍ (၈၆)ခုံ ပျံကျဈေးသူဈေးသားအဖွဲ့မှ ဒီဇင်ဘာလ (၁၇)ရက်တွင် ဒုတိယအကြိမ်အဖြစ် ထပ်မံ၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး ဒီဇင်ဘာလ၏ နောက်ဆုံး အပတ်ထဲတွင် သပိတ်စခန်းဖွင့်၍ ဆန္ဒထုတ်ဖော်သွားမှာဖြစ်ကြောင်း သိရှိရသည်။
သတင်း ။ ။ ကိုဇောင်း
ဓါတ်ပုံ ။ ။ ဇောင်းညီ