ရှမ်းရှေ့၏ မဂ္ဂနီစ်ဒိုင်အောက်ဆိုဒ် ဈေးကွက်

ရှမ်းရှေ့၏ မဂ္ဂနီစ်ဒိုင်အောက်ဆိုဒ် ဈေးကွက်
ဒီဇင်ဘာ 31, 2014
By Tachileik News Agency

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်အတွင်း အားရဲဒေသ မဂ္ဂနီစ်ဒိုင်အောက်ဆိုဒ် သတ္တုထုတ်လုပ် လျှက်ရှိရာ ပွင့်လင်းရာသီအတွင်း၌သာ နိုင်ငံခြားသို့ တင်ပို့နိုင်ကြောင်း သိရှိရပြီး သတ္တုလုပ်ငန်းရှင်များ သတ္တုထုတ်လုပ်မှုအား ရပ်နားထားရကြောင်းသိရှိရသည်။

“အားရဲဒေသအတွင်းမှာရှိတဲ့ မဂ္ဂနီစ်ဒိုင်အောက်ဆိုဒ် သတ္တုတွေဟာ ထုတ်လုပ်မှု ကုန်ကျစရိတ်နဲ့ ရောင်းချမှုမှာ အမြတ်အစွန်းက သိပ်မကျန်ဘူး အရည်အသွေး မပြည့်မမီတာ လဲပါတယ် တောင်ပေါ် ဒေသဖြစ်တဲ့ အတွက် အပေါ်ယံ မြေလွှာတွေကို တူးဖေါ်ပြီးမှ သတ္တုကို တူးဖေါ်ရတာဖြစ်ပါတယ်။ ကမ္ဘာမှာ မဂ္ဂနီစ်ဒိုင် အောက်ဆိုဒ်က (၆၀%-၆၁%)လောက်မှ အရည်အသွေးပြည့်တာ။ အားရဲဒေသ အတွင်းမှာရှိတာက (၂၀%-၃၀%) ပတ်ဝန်းကျင် မှာဘဲရှိတော့ ရောင်းအား မကောင်းဘူး”ဟု သတ္တုလုပ်ငန်းရှင်များ အသင်း ဥက္ကဌ ဦးမြင့်ဦး မှပြောပြသည်။

"မဂ္ဂနီစ်သတ္တုတွေကို တူးဖေါ်တဲ့ ကုမ္ပဏီ(၉)ခုရှိတယ်၊ တူးဖေါ်မှုတွေကို အမှတ်(၃)သတ္တုတွင်းလုပ်ငန်းနဲ့ အချိုးကျ စနစ်နဲ့တူးဖေါ်နေတာပါ။ ၂၀၁၄ခုနှစ် ထုတ်လုပ်မှု အားလုံးကိုတော့ အမှတ်(၃) သတ္တုတွင်း လုပ်ငန်းမှာ ဘဲရှိမယ်၊ ရောင်းချတဲ့ ဈေးနှုန်းကတော့ ကမ္ဘာ့ဈေးကွက်ကို အမှီပြုပြီး ရောင်းချခြင်း ဖြစ်ပါတယ်.."ဟု ၎င်းမှ ဆက်လက် ပြောပြသည်။

တာချီလိတ်ခရိုင်၊ မိုင်းကိုးအုပ်စု၊ အားရဲဒေသအတွင်းရှိ မဂ္ဂနီသတ္တုများအား ထုတ်လုပ်တူးဖေါ်လျှက်ရှိရာ တောင်ပေါ်ဒေသဖြစ်သည့် အလျောက် မိုးရာသီတွင် တူးဖေါ်မှုများအား ရပ်ဆိုင်းထားရပြီး မိုးရပ်စဲသည့် အချိန်မှသာ တူးဖေါ်မှုများကို ပြန်လည်လုပ်ဆောင်ရပြီး ၂၀၁၄ခုနှစ်အတွင်း တူဖေါ်ခဲ့သည့် သန့်စင်ခြင်း မပြုရသေးသော သတ္တုများအား မိုးအကုန်တွင် ပြန်လည်သန့်စင်ပြီး ရောင်းချရကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ထွက်ရှိသော မဂ္ဂနီစ်သတ္တုအများဆုံးအား တရုတ်နိုင်ငံမှ ၀ယ်ယူခြင်းဖြစ်ပြီး ပြန်လည် သန့်စင်ကာ အဆင့်မြင့် သံနှင့်သံမဏိများအား ပြုလုပ်ကြောင်း သိရှိပြီး အဆင့်မြင့် သံနှင့်သံမဏိ စက်ရုံများအား တရုတ်နိုင်ငံအတွင်း၌သာ တည်ရှိပြီး ကမ္ဘာ့အကြီးဆုံး မဂ္ဂနီစ်ဈေးကွက်မှာလည်း တရုတ်နိုင်ငံ ဖြစ်ကြောင်း သိရသည်။

“တာချီလိတ်မှာ မဂ္ဂနီစ်ဒိုင်အောက်ဆိုဒ်ကို အဆင့်မြင့် သန့်စင်တဲ့ စက်ရုံတည်ဆောက်ဖို့ နိုင်ငံခြားက ရင်းနှီးမြှုပ်နှံသူတွေ လာကြည့်ပါတယ်။ ဒါပေမယ့် သူတို့က လျှပ်စစ်မီး အပြည့်အ၀ မရတာရယ် မီတာခ ဈေးနှုန်းကြီးတာရယ်ကြောင့် မလုပ်နိုင်ဘူး နောက်ပြီး လမ်းပန်းဆက်သွယ်ရေးလဲ သိပ်မကောင်းတော့ စရိတ်စကနဲ့ ဘယ်လိုမှမတတ်နိုင်ဘူး”ဟု တာချီလိတ် သတ္တုထုတ်လုပ်သူ တစ်ဦးကပြောသည်။

တာချီလိတ်ဒေသ၊ အားရဲဒေသအတွင်းရှိ မဂ္ဂနီဒိုင်အောက်ဆိုဒ်များအား အများအားဖြင့် ထိုင်းနိုင်ငံမှ ၀ယ်ယူသည့်နိုင်ငံများသို့ တဆင့်ပြန်လည် သွင်းရခြင်း ဖြစ်သည့်အတွက် ၀ယ်ယူသူများမှလည်း ဈေးနှုန်း မကိုက်ခြင်းကြောင့် မဂ္ဂနီစ်ထုတ်လုပ်သူများမှာ ထုတ်လုပ်ရောင်းချမှုများ(၂)နှစ်ခန့် ရပ်ဆိုင်းထား ရကြောင်း သိရှိရသည်။

သတင်း ။   ။ စောတာရာ
ဓါတ်ပုံ။   ။ Naing Lin
 Tachileik Online News ( www.tachileik.net  ) 
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~