ဒီဇင်ဘာလအစ၏ ဒုတိယအပတ်ဖြစ်သော ယနေ့ ဒီဇင်ဘာလ(၁၃)ရက် နံနက်(၅)နာရီအချိန်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၌ လူထုလမ်းလျှောက်ပွဲကို စုရပ်ဖြစ်သော ရှမ်းရိုးမကုန်တိုက်ရှေ့မှ ဘောလုံးကွင်းထိ ကိုယ်လက်လှုပ်ရှား လမ်းလျှောက်မှုအဖြစ် စတင်ခဲ့ကြရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းကိုယ်တိုင် ပါဝင်ဆင်နွှဲခဲ့သည်။
ထိုသို့ လမ်းလျှောက်ပွဲ ဆင်နွှဲကြရာတွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်း၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်မေထွန်း၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ ဦးဆောင်သည့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း ဦးဆောင်သော မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အထောက်အကူပြုအဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များ၊ ပညာရေးဌာနမှ ဆရာ၊ ဆရာများနှင့် ကျောင်းသား၊ကျောင်းသူများ၊ အား/ကာမှ တာဝန်ရှိသူများနှင့် အားကစားသမားများ၊ မြို့မိမြို့ဖများနှင့် ရပ်ကွက်အသီးသီးမှ ပြည်သူလူထုများ စုစုပေါင်း (၁၅၀၀)ခန့်တို့မှ စုပေါင်း၍ ပါဝင်ခဲ့ကြသည်။
ရှမ်းရိုးမကုန်တိုက်ရှေ့မှ စတင်၍ အဆိုပါ စုပေါင်းအဖွဲ့မှ လမ်းလျှောက်ခဲ့ကြပြီး ဘောလုံးကွင်း၌ လမ်းလျှောက်မှု ပြီးမြောက်ပြီး သွေးပူလေ့ကျင့်ခန်းကို နည်းပြဆရာမမှ ပြသကာ ပြိုင်တူ လေ့ကျင့်ခဲ့ကြသည်။
သွေးပူလေ့ကျင့်ခန်းများကို ဆင်နွှဲခဲ့ကြပြီးနောက် လမ်းလျှောက်ပွဲသို့ ပါဝင်ဆင်နွှဲကြသူများကို သက်ဆိုင်ရာ ရပ်ကွက်များက ကောက်ညှင်းပေါင်းများကို ဝေငှခဲ့ကြပြီး ဒီဇင်ဘာလအစ၏ ဒုတိယအပတ် လူထုလမ်းလျှောက်ပွဲကို ရုတ်သိမ်းခဲ့ကြသည်။
သတင်း ။ ။ ကိုဇောင်း
ဓါတ်ပုံ ။ ။ ဇောင်းညီ
ပုံများကိုကြည့်ရန်