ဒီဇင်ဘာလအစ၏ နောက်ဆုံးအပတ်ဖြစ်သော ယနေ့ဒီဇင်ဘာလ(၂၇)ရက် နံနက်(၅)နာရီအချိန်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၌ လူထုလမ်းလျှောက်ပွဲကို စုရပ်ဖြစ်သော ရှမ်းရိုးမ ကုန်တိုက်ရှေ့မှ ဘောလုံးကွင်းထိ ကိုယ်လက်လှုပ်ရှား လမ်းလျှောက်မှုအဖြစ် စတင်ခဲ့ကြရာ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများနှင့် ပြည်သူလူထု စုစုပေါင်း (၁၀၀၀)ခန့်တို့မှ စုပေါင်း၍ ပါဝင်ခဲ့ကြသည်။
ထိုသို့ လူထုလမ်းလျှောက်ရာတွင် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ ဦးဆောင်သည့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း ဦးဆောင်သော မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အထောက်အကူပြု အဖွဲ့အစည်းများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များ၊ ပညာရေးဌာနမှ ဆရာ၊ ဆရာများနှင့် ကျောင်းသား၊ကျောင်းသူများ၊ အား/ကာမှ တာဝန်ရှိသူများနှင့် အားကစားသမားများ၊ မြို့မိမြို့ဖများနှင့် ရပ်ကွက်အသီးသီးမှ ပြည်သူလူထုများ စုပေါင်း၍ ပါဝင်ခဲ့ကြသည်။
လူထုလှုပ်ရှား လမ်းလျှောက်ပွဲတွင် တာချီလိတ်မြို့ပေါ် ရပ်ကွက်များဖြစ်သည့် ပုန်းထွန်၊ တာလော့၊ ၀မ်ကောင်း၊ မကာဟိုခမ်း၊ ဆန်ဆိုင်း(က+ခ)၊ မယ်ခေါင် နှင့် ရန်အောင်မြေ ရပ်ကွက်အပါအ၀င် မြို့ပေါ်ရပ်ကွက်များမှ လုပ်သားပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့များမှ ပါဝင်ဆင်နွှဲခဲ့ကြရာ ယခု (၄)ကြိမ်မြောက်သည် ဒီဇင်ဘာလ၏ နောက်ဆုံးအပတ်ဖြစ်သည်။
ဒီဇင်ဘာလ လူထုပါဝင် လှုပ်ရှားမှုအဖြစ် ဒီဇင်ဘာလ(၆)ရက်နေ့က တစ်ကြိမ်၊ ဒီဇင်ဘာလ(၁၃)ရက်နေ့က တစ်ကြိမ်၊ ဒီဇင်ဘာလ(၂၀)ရက်နေ့က တစ်ကြိမ်နှင့် ယခု နောက်ဆုံးအပတ်အဖြစ် ဒီဇင်ဘာလ(၂၇)ရက်မှာ တစ်ကြိမ် စုစုပေါင်း (၄)ကြိမ်တိတိ ဆင်နွှဲခဲ့ကြရာ ဒီဇင်ဘာလ(၁၃)ရက်နေ့က ပြုလုပ်ခဲ့သော လူထုလမ်းလျှောက်ပွဲတွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းကိုယ်တိုင် ပါဝင်ဆင်နွှဲခဲ့သည်။
ဓါတ်ပုံ ။ ။ အောင်ကျော်ဝင်းစိန်(ဒီဂျစ်တယ်)