ထိုင်းနိုင်ငံ မယ်ဆိုင်မြို့၌ makro ကုန်တိုက်သစ် ဖွင့်လှစ်

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့၌ makro ကုန်တိုက်သစ် ဖွင့်လှစ်
ဇွန် 20, 2014
By Tachileik News Agency

တာချီိလိတ်မြို့နှင့် အလွန်နီးစပ်လျက်ရှိသော ထိုင်းနိုင်ငံ မြောက်ပိုင်းဒေသ၊ ချင်းရိုင်းခရိုင် မယ်ဆိုင်ရှိ Lotus ကုန်တိုက်ရှေ့တည့်တည့်တွင် ဖွင့်လှစ်ထားသည့် makro ကုန်တိုက်ကို ယနေ့ ၂၀၁၄ခုနှစ် ဇွန်လ(၂၀)ရက် နံနက် ထိုင်းစံတော်ချိန် (၈း၃၀)နာရီအချိန်က ဖွင့်ပွဲအဖြစ် ကျင်းပပြုလုပ်ရာ ထိုင်းနိုင်ငံဘက်မှ ဖိတ်ကြားချက်အရ ထိုင်း -မြန်မာ TBC မှ တက်ရောက်ခဲ့ကြပြီး ထိုင်း - မြန်မာ ချစ်ကြည်ရေးအနေဖြင့် မြန်မာဘက်မှ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ နှင့် ဖိတ်ကြားထားသည့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ အချို့မှ တက်ရောက်၍ ထိုင်းဘက် တာဝန်ရှိသူနှင့်အတူ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။

မယ်ဆိုင်မြို့တွင် ပထမဦးဆုံးဖွင့်လှစ်ထားရှိသည့် Lotus ကုန်တိုက်သည် မြန်မာဘက်မှ သွားရောက်ဝယ်ယူသူ များပြားခဲ့ရာမှ ယခုအခါမှာ Lotus ကုန်တိုက်ရှေ့တည့်တည့်တွင် Makro ကုန်တိုက်မှာ ဖွင့်လှစ်ထားရှိလိုက်ပြီ ဖြစ်သည့်အတွက် မြန်မာဘက်မှ ဈေးဝယ်သူများက ပစ္စည်းမှန် ဈေးနှုန်းမှန်သည့်ဘက်မှာ ၀ယ်ယူမှာဖြစ်ကြောင်း ပြောဆိုနေကြတာကို ကြားသိရသည်။

တာချီလိတ်မြို့တွင် မယ်ဆိုင်ဘက်ရှိ ကုန်တိုက်များလို ကုန်တိုက်များမရှိသည့်အတွက် ထိုင်းနိုင်ငံမှ ထုတ်လုပ်သော ကုန်ပစ္စည်းများကို အဆိုပါ ကုန်တိုက်များတွင် သွားရောက် ၀ယ်ယူပြီး တာချီလိတ်သို့ ပြန်လည်ဖြန့်ဖြူး ရောင်းချနေကြရတာ ဖြစ်ကြောင်း ပြန်လည်ရောင်းချသူတစ်ဦး၏ ပြောဆိုချက်အရ သိရသည်။

"မယ်ဆိုင်မှာ ကုန်တိုက်တွေ အပြိုင်အဆိုင်ဖွင့်နေကြတော့ အားကျစရာပဲ၊ တာချီလိတ်မှာ အဲ့လို ကုန်တိုက်တွေ မရှိတော့ ထုံးစံအတိုင်း မယ်ဆိုင်ဘက်ကိုပဲ သွားပြီး အားပေးနေရတာပေါ့ဗျာ"ဟု ၀မ်ကောင်းရပ်ကွက်နေ ဈေးဝယ်သူတစ်ဦးမှလည်း တာချီလိတ်အွန်လိုင်းသို့ ပြောသည်။

"အခုလို ထိုင်းဘက်မှာ ကုန်တိုက်တွေ ဖွင့်ထားတာ ကိစ္စမရှိပေမဲ့ အဲ့လို ကုန်တိုက်တွေမှာ ဈေးဝယ်သွားတဲ့လူတွေကို တခါတလေ လမ်းမှာ ထိုင်းရဲတွေက ရပ်တန့်စစ်ဆေးတာတို့ ဆီးစစ်တာတို့ လုပ်တာမျိုးဆိုရင် သတိထားဖို့လိုပါတယ်၊ ကိုယ့်ကိုယ် စစ်ဆေးတဲ့ ရဲမျက်နှာ နဲ့ နံပါတ် အပြင် ကားနံပါတ်ကိုလည်း မှတ်ထားဖို့ လိုလိမ့်မယ်၊ အဲ့ဒါမှ တကယ်တမ်းဖြစ်ပြီဆိုရင် ကူညီပေးလို့ရမှာပါ"ဟု ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ (CNCMC)မှ ကော်မတီဝင်တစ်ဦးကလည်း တာချီလိတ်အွန်လိုင်းသို့ အများသိစေရန်အတွက် အသိပေးပြောကြားလာသည်။

Photo Thank to ที่ว่าการอำเภอแม่สาย จังหวัดเชียงราย

သတင်း။  ။ ကိုဇောင်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~ ကြော်ငြာ ~~~~~~~~~