၂၀၁၄ခုနှစ် ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည်ဖြစ်သော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် တာချီလိတ်မြို့ပေါ်ရှိ အထက်တန်းကျောင်းများထဲမှ အ.ထ.က(တာချီလိတ်) နှင့် အ.ထ.က(ဆန်ဆိုင်း)တို့ရှိ ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ်များအား အသိပညာပေးဟောပြောမှုကို ယနေ့ ၂၀၁၄ခုနှစ် ဇွန်လ(၁၈)ရက်တွင် ကျင်းပပြုလုပ်ခဲ့ကြသည်။
နံနက်ပိုင်းတွင် အ.ထ.က(တာချီလိတ်)၌ အသိပညာပေးဟောပြောမှုပြုလုပ်ရာ ဆရာ၊ ဆရာများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၀၃)ဦးတက်ရောက်၍ လေ့လာမှတ်သားကြသလို မွန်းလွှဲပိုင်းအချိန်တွင် အ.ထ.က(ဆန်ဆိုင်း)၌ ဆက်လက်၍ အသိပညာပေးဟောပြောရာ ဆရာ၊ ဆရာများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၈၉)ဦးတက်ရောက်၍ လေ့လာမှတ်သားကြကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတို့တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအကြောင်းများကို မြို့နယ်ဥပေဒအရာရှိ ဦးကျော်ကျော်လင်းမှ ရှင်းလင်းဟောပြောပြီး ယနေ့လူငယ်နှင့် မူးယစ်ဆေးဝါးအကြောင်းကို တာချီလိတ်မြို့နယ် စာရေးဆရာအသင်းမှ စာရေးဆရာ စိုင်းမောင်(တောင်ကြီး)မှ ဟောပြောသည်။
ဆက်လက်၍ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ဖြစ်ပေါ်လာနိုင်သော ဆိုးကျိုးများအကြောင်းကို မြို့နယ် ကျန်းမာရေးမှူး ဦးအောင်ဝင်းကြည်မှ ရှင်းလင်းဟောပြောပြီး တာချီလိတ်ခရိုင် မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း (MANA)မှ အတွင်းရေးမှူး ဦးသိန်းထွန်းက မူးယစ်ဆေးဝါးနှင့် နောက်ဆက်တွဲ ဆိုးကျိုးများအကြောင်းကို ဟောပြောဆွေးနွေးသည်။
ယင်းနောက် မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ ခေတ္တတပ်ဖွဲ့စုမှူး ရဲအုပ်မြင့်နိုင်ဦးက မူးယစ်ဆေးဝါးနှင့် အိမ်သုံးဆေးဝါးများ အလွဲသုံးမှုအန္တရာယ် ဆိုးကျိုးများနှင့် တားဆီးနှိမ်နင်းရေးဆောင်ရွက်မှု အခြေအနေများကို တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ်များအား အသိပညာပေးအဖြစ် ရှင်းလင်းဟောပြောသည်။
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ယင်းကဲ့သို့ ဟောပြောမှုများကို မြန်မာနိုင်ငံအတွင်းရှိ မြို့နယ်အသီးသီးတို့တွင် ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။