ထိုင်း - မြန်မာနယ်စပ် တာချီလိတ်မြို့တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းမှုများအဖြစ် မြို့အ၀င် မြို့အထွက် ဂိတ်များတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ နှင့် တပ်ဖက်ဆိုင်ရာများအပြင် သက်ဆိုင်ရာ အဖွဲ့ပေါင်းစုံတို့ဖြင့် ပူးပေါင်း၍ စစ်ဆေးဖမ်းဆီးမှုများ ပြုလုပ်နေလျက်ရှိရာ ယနေ့ ၂၀၁၄ခုနှစ် ဇွန်လ(၁)ရက် မွန်းလွဲ(၂း၃၀)နာရီ အချိန်ခန့်က တရားခံနှင့်အတူ ကျပ်(၃၂)သိန်းကျော်တန်ဖိုးရှိသည့် စိတ်ကြွဆေးပြားများနှင့် ကျည်(၁၂)တောင့်ကို ရှာဖွေဖမ်းဆီးရရှိကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ ဒုရဲအုပ်ကြည်လွင် ဦးစီးသည့်အဖွဲ့ နှင့် တပ်ဖက်ဆိုင်ရာအဖွဲ့ စသည့် ပူးပေါင်းအဖွဲ့တို့မှ တာလေမြို့နယ်ခွဲဘက်မှ တာချီလိတ်မြို့ထဲသို့ ၀င်ရောက်လာသည့် ကား/ဆိုင်ကယ် စသည့် မော်တော်ယာဉ်များကို ရပ်တန့်ရှာဖွေ စစ်ဆေးမှုများ ဆောင်ရွက်နေကြစဉ် တာလေဘက်မှ တာချီလိတ်ဘက်သို့ မောင်းဝင်လာသည့် Vigo အမျိုးအစား ကားတစ်စီးအား ရပ်တန့်ရှာဖွေ စစ်ဆေးခဲ့ကြသည်။
ထိုသို့ ရှာဖွေစစ်ဆေးရာတွင် Vigoအမျိုးအစားကားထဲမှ ကာလတန်ဖိုးငွေ ကျပ်(၃၂.၇၇၅)သိန်းခန့် တန်ဖိုးရှိ Wy စာတမ်းပါသည့် ပန်းရောင် စိတ်ကြွဆေးပြား (၁၃၁၁)ပြား နှင့် ဒဿမ ၃၅ အမျိုးအစား ကျည် (၁၂)တောင့်အပြင် အရှည် (၁၅)လက်မ။ ဗျက်(၂)လက်မခန့်ရှိ အရိုးအသွားပါ သားရေတုဓါးအိမ် တပ်ဆင်ထားသည့် ဓါးမြှောင်(၁)ချောင်းအား ရှာဖွေတွေ့ရှိရကြောင်း သိရသည်။
ထိုသို့ ရှာဖွေတွေ့ရှိရသည့်အတွက် တရားခံဖြစ်သူ အိုက်နွတ်အား တာချီလိတ်မြို့မရဲစခန်းမှ မယ(ပ)၈၁/၂၀၁၄၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၂(ခ)အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။