ရှမ်းပြည်နယ်တွင် ထူးချွန်ကြက်တောင်အားကစားသမား ထွက်ပေါ်လာစေရေးအတွက် ရည်ရွယ်၍ တာချီလိတ်ခရိုင် အားကစားနှင့်ကာယပညာ ဦးစီးဌာန၊ တာချီလိတ် ကြက်တောင်ဆပ်ကော်မတီနှင့် ရိုးမရွှေတောင် ကုမ္ပဏီတို့မှ ပူးပေါင်း ကျင်းပပြုလုပ်သည့် Tachileik Open 2014 ဖိတ်ခေါ် ကြက်တောင် အားကစားပြိုင်ပွဲကို တာချီလိတ်၌ ၂၀၁၄ခုနှစ် မေလ(၂၀)ရက်နေ့မှ မေလ(၂၃)ရက်နေ့ထိ ကျင်းပပြုလုပ်လာခဲ့ရာ ယနေ့ ၂၀၁၄ခုနှစ် မေလ(၂၄)ရက် ည(၈)နာရီက တာချီလိတ်မြို့ လင်းကမ္ဘာ စားသောက်ဆိုင်တွင် ပြိုင်ပွဲ၏ ဆုပေးပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြသည်။
အခမ်းအနားအတွင် တာချီလိတ်ကြက်တောင် ဆပ်ကော်မတီ နာယက ဒေါက်တာ တင်အောင်ရင်က နှုတ်ခွန်းဆက်စကားပြောကြားပြီး ကြက်တောင်ဆပ်ကော်မတီ ဥက္ကဌ ဦးစိုင်းဆို်င်ကျောက်မှ ပြိုင်ပွဲတွင် ပံ့ပိုးကူညီပေးကြသည့် Main Sponsor များကို ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ခဲ့ကြသည်။
ယခုကျင်းပပြုလုပ်သည့် ကြက်တောင်ပြိုင်ပွဲတွင် Diamond ရွှေဆိုင်မှ အားကစားသမားများအတွက် အင်္ကျီများကို Sponsor ပေးထားပြီး ရိုးမရွှေတောင်ကုမ္ပဏီမှ အဓိက ပံ့ပိုးကူညီတာဖြစ်ကြောင်းနှင့် ယခုပြိုင်ပွဲပြုလုပ်ရာတွင် ဆုချီးမြှင့်ကြေးနှင့် ကုန်ကျမှုမှာ ကျပ်သိန်း(၈၀)ခန့်ရှိကြောင်း သိရှိရပြီး ရိုးမရွှေတောင်ကုမ္ပဏီသည် ကြက်တောင်ပြိုင်ပွဲများကို အဓိက ပံ့ပိုးမှုအဖြစ် ကူညီလာခဲ့သည်မှာ ယခုအကြိမ်အပါဆိုလျှင် ဒုတိယအကြိမ်ဖြစ်ကြောင်း သိရှိရသည်။