နိုင်ငံတော်သမ္မတ၏ ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်ခံရသူ မွေးမြူရေးလုပ်ငန်းရှင် ဒေါ်နီနီစိုးအား ပြည်နယ်အစိုးရမှ ထပ်ဆင့်ဂုဏ်ထူးဆောင်လက်မှတ် ချီးမြှင့်

နိုင်ငံတော်သမ္မတ၏ ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်ခံရသူ မွေးမြူရေးလုပ်ငန်းရှင် ဒေါ်နီနီစိုးအား ပြည်နယ်အစိုးရမှ ထပ်ဆင့်ဂုဏ်ထူးဆောင်လက်မှတ် ချီးမြှင့်
မေ 15, 2014
By Tachileik News Agency

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတမှ နိုင်ငံတော်အတွင်း လူမှုအကျိုးပြု လုပ်ငန်းများတွင် စွမ်းစွမ်းတမံဆောင်ရွက်ကြသူများ၊ သာသနာ၊ လူမှုရေးစသည့် ကိစ္စ၀၀တွင် စွမ်းစွမ်းတမံ ဆောင်ရွက်တော်မှုသော ဆရာတော်ကြီးများ၊ ဒေသဖွံ့ဖြိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ စသည့် ကဏ္ဍအသီးသီးတို့တွင် ပြောင်မြောက်စွာ ကြိုးစားလုပ်ဆောင်နေကြသူများကို ရွေးချယ်၍ ဂုဏ်ပြုမှတ်တမ်းလွှာများကို ၂၀၁၄ခုနှစ် မေလ(၃)ရက်နေ့ နံနက်(၉)နာရီအချိန်ခန့်က နိုင်ငံတော်သမ္မတ၏ အိမ်တော်၌ အဆိုပါ ဂုဏ်ပြုမှတ်တမ်းလွှာအား ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ရာတွင် တာချီလိတ်မြို့မှ ဆရာတော် တစ်ပါး နှင့် လူပုဂ္ဂိုလ်တစ်ဦး တို့ ပါဝင်ကြောင်း သိရသည်။

တာချီလိတ်မြို့ ဟောင်လိတ်ကျေးရွာအုပ်စု၊ လွယ်စီတုံကျေးရွာရှိ ကျောက်စိမ်းကန်မွေးမြူရေးလုပ်ငန်းမှ လုပ်ငန်းရှင် ဒေါ်နီနီစိုးအား နိုင်ငံတော်သမ္မတမှ ဂုဏ်ပြုမှတ်တမ်းလွှာအား ပေးအပ်ချီးမြှင့်လာသည့်အတွက် ယနေ့ ၂၀၁၄ခုနှစ် မေလ(၁၅)ရက် ညနေ(၆)နာရီအချိန်က တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်ရှိ ဟုတ်တက်တရုတ်ဘုံကျောင်း မင်္ဂလာခန်းမ၌ ဂုဏ်ပြုညစာ စားပွဲနှင့် ပြည်နယ်အစိုးရမှ ထပ်ဆင့်ဂုဏ်ပြုခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားတွင် ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးတင်မောင်ဆွေမှ ဂုဏ်ပြုစကား ပြောကြားပြီး  ပြည်နယ်အစိုးရမှ ပေးအပ်ချီးမြှင့်သည့်  ဂုဏ်ထူးဆောင်လက်မှတ်အား ရှမ်းပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား ဦးတင်မောင်ဆွေမှ ဒေါ်နီနီစိုးအား ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် ဒေါ်နီနီစိုးမှ ၎င်း၏ ကျောက်စိမ်းကန်မွေးမြူရေးလုပ်ငန်းတွင် အဓိကအားဖြင့် ၀က်၊ ငါး၊ ကြက် များကို မွေးမြူထားရှိကြောင်း နှင့် ယခုလို နိုင်ငံတော်သမ္မတမှ ဂုဏ်ပြုမှတ်တမ်းလွှာ နှင့် ပြည်နယ်အစိုးရအဖွဲ့မှ ဂုဏ်ထူးဆောင်လက်မှတ်အား ပေးအပ်ချီးမြှင့်သည့်အတွက် ကျေးဇူးအထူးတင်ရှိပါကြောင်း စသည်ဖြင့် ကျေးဇူးတင်စကား ပြောကြား၍ အခမ်းအနားအား ပြီးမြောက်စေခဲ့ကြသည်။

ဆက်လက်၍ အခမ်းအနားတွင် တက်ရောက်လာကြသူ အထူးဧည့်သည်တော် ၂၅၀ကျော်တို့ကို ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံခဲ့ကြသည်။

"အခုလို နိုင်ငံတော် သမ္မတက ဂုဏ်ပြုလက်မှတ် ချီးမြှင့်တာဟာ တာချီလိတ်မြို့က ဘယ်သူပဲ ရရ တာချီလိတ်မြို့အတွက် ဂုဏ်ရှိတာပေါ့၊ တကယ်ကို ၀မ်းသာပါတယ်"ဟု အဆိုပါ ဧည့်ခံပွဲသို့ တက်ရောက်လာသူ ဧည့်သည်တစ်ဦးမှ တာချီလိတ်အွန်လိုင်းသို့ ပြောသည်။

နိုင်ငံတော်သမ္မတ၏ ဂုဏ်ထူးဆောင်လက်မှတ် ပေးအပ်ချီးမြှင့်ပွဲတွင် တာချီလိတ်မြို့ ဂုဏ်ဆောင်များအဖြစ် ကျောက်စိမ်းကန် မွေးမြူရေးခြံမှ ဒေါ်နီနီစိုးသည် နိုင်ငံတော်သမ္မတ၏ ဂုဏ်ထူးဆောင်လက်မှတ် ပေးအပ်ချီးမြှင့်ရာတွင် ပါဝင်သလို နဂါးနှစ်ကောင်ကျောင်းတိုက် အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက အဂ္ဂမဟာပဏ္ဍိတ Honorary Ph.D. နဂါးနှစ်ကောင်ဆရာတော် ဘုရားကြီး "ဘဒ္ဒန္တဓမ္မသီရိ"သည်လည်း နိုင်ငံတော်သမ္မတမှ ဂုဏ်ထူးဆောင်လက်မှတ် ဆက်ကပ်လှူဒါန်းခြင်းကို ခံရကြောင်း သိရှိရသည်။

ဓါတ်ပုံ။ ။ လင်းလင်း
သတင်း။   ။ ကိုဇောင်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~