အမေရိကန် ကျန်းမာရေးအဖွဲ့ WHA မှ ရှမ်းပြည်နယ် တောင်ကြီးသို့ လာရောက်၍ အခမဲ့ ဆေးဝါး ကုသပေးမည်ဖြစ်ရာ တာချီလိတ်မှ လူနာများလည်း စာရင်းပေးသွင်းနိုင်

အမေရိကန် ကျန်းမာရေးအဖွဲ့ WHA မှ ရှမ်းပြည်နယ် တောင်ကြီးသို့ လာရောက်၍ အခမဲ့ ဆေးဝါး ကုသပေးမည်ဖြစ်ရာ တာချီလိတ်မှ လူနာများလည်း စာရင်းပေးသွင်းနိုင်
မတ် 6, 2014
By Tachileik News Agency

အမေရိကန်နိုင်ငံ အခြေစိုက် An International Medical Relief Group World Health Ambassador Team ( WHA ) မှ Dr. Thein Do ဦးဆောင်သော အဖွဲ့ဝင် (၃၆)ဦးသည် မြန်မာနိုင်ငံသို့ လာရောက်၍ နေပြည်တော် ကုတင်(၁၀၀၀) ပြည်သူ့ဆေးရုံကြီးနှင့် တောင်ကြီး စစ်စံထွန်း ဆေးရုံကြီးတို့တွင် အခြေပြုပြီး နေပြည်တော် နှင့် တောင်ကြီး၊ ဟိုပုံး၊ ညောင်ရွှေမြို့နယ်များမှာ ၂၉.၃.၂၀၁၄ မှ ၁၃.၄.၂၀၁၄ ရက်နေ့အထိ ဆေးဝါးများ အခမဲ့ ကုသပေးမည်ဖြစ်သည့်အတွက် တာချီလိတ်မြို့နယ်မှ မကျန်းမမာသူများ အနေဖြင့် ၎င်းတို့ထံမှ ဆေးဝါးကုသမှုကို ခံယူလိုပါက တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ သော်လည်းကောင်း သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးရုံးများသို့ သော်လည်းကောင်း မတ်လ(၁၀)ရက်နေ့ နောက်ဆုံးထား၍ စာရင်းပေးသွားနိုင်မှာ ဖြစ်ကြောင်း သိရသည်။

အဆိုပါအဖွဲ့အနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်၍ အခမဲ့ ဆေးဝါးများ ကုသပေးရာမှာ မီးယပ်နှင့်သားဖွားပြဿနာများ၊ ကလေးရောဂါများ၊ အရေပြား၊ မျက်စိ၊ သွားနှင့်ခံတွင်းရောဂါများအပြင် အထွေထွေရောဂါများကို ကုသပေးမှာဖြစ်ကြောင်း သိရသည်။

ဆေးဝါးကုသမှုခံယူခြင်းနှင့် ပတ်သက်၍ ရှမ်းပြည်နယ်အတွင်းမှ မည်သည့် မြို့ရွာများကမဆို သက်ဆိုင်ရာ မြို့နယ်ရုံးများနှင့် ကျေးရွာ/ရပ်ကွက်အုပ်ချုပ်ရေးရုံးများသို့ စာရင်းပေးသွင်းနိုင်မှာ ဖြစ်သော်လည်း ခရီးအနီးအဝေးပေါ်မူတည်၍ သွားလာစရိတ်ကိုတော့ မိမိတို့ ကိုယ်တိုင်သာ ကုန်ကျရမှာဖြစ်ပြီး ဆေးဝါးကုမှုကိုတော့ အခမဲ့ ကုသခွင့်ရမှာ ဖြစ်ကြောင်း သိရသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~