အဆိုပါ တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲတွင် တာချီလိတ်မြို့နယ်လုံးဆိုင်ရာ ဓမ္မစကူးလ်ကျောင်းတော်မှ သံဃာတော်များ နှင့် တာချီလိတ်မြို့နယ်လုံးဆိုင်ရာ ဓမ္မစကူးလ်ကျောင်းတော်ကော်မတီဝင်များအပြင် ဖိတ်ကြားထားသည့် ဧည့်သည်များ တက်ရောက်လာခဲ့ကြပြီး တာချီလိတ်မြို့နယ်အတွင်း ဓမ္မစကူးလ်ကျောင်းတော်များ ရေရှည်တည်တံ့နိုင်ရေးနှင့် ဆင့်ပွားဆရာများ တိုးပွားလာရန်အတွက် ဒုတိယအကြိမ်မြောက် ဆင့်ပွားသင်တန်းပို့ချရန် ညှိနှိုင်းဆွေးနွေးကြသည်။
လက်ရှိ တာချီလိတ်၌ သင်ကြားနေသော ဓမ္မစကူးလ်ကျောင်းတော်များတွင် စာသင် သံဃာများနှင့် ဆရာ/မ အချို့ လျော့ပါးသွားသည့်အတွက် လစ်လပ်နေသော အဆိုပါနေရာများ၌ ဆရာ/မများအား ထပ်မံဖြည့်တင်းပေးနိုင်ရန် အတွက် ဒုတိယအကြိမ်မြောက် ဓမ္မစကူးလ်ဆရာဖြစ် ဆင့်ပွားသင်တန်းကို ဖွင့်လှစ်ရန် လိုကြောင်း တာချီလိတ်မြို့နယ်လုံးဆိုင်ရာဓမ္မစကူးလ်ကျောင်းတော် ဥက္ကဌ ဦးကျော်သီဟမှ ဆွေးနွေး တင်ပြသည်။
ဆက်လက်၍ ဓမ္မစကူးလ်ဖောင်ဒေးရှင်းဗဟိုတွင် အသင်းသားများအဖြစ် ၀င်ရောက်ပြီး တစ်လလျှင် အသင်းဝင်ကြေး ကျပ် တစ်ထောင် နှုန်းဖြင့် ထည့်ဝင်သွားရေးနှင့် တာချီလိတ်မြို့နယ်အတွင်းရှိ ဓမ္မစကူးလ်ကျောင်းတော်များအတွက် ရန်ပုံငွေရရှိရေးအပြင် တာချီလိတ်မြို့ရှိ ဓမ္မစကူးလ်ကျောင်းတော်များအား ရေရှည်တည်တံ့စေရန် စသည့်ကိစ္စများကိုလည်း သံဃာတော်များ နှင့် ကော်မတီဝင်များ အပါအ၀င် ဧည့်သည်တော်များက ၀င်ရောက်ဆွေးနွေး အကြံပြုကြသည်။
တာချီလိတ်မြို့နယ်တွင် ဓမ္မစကူးလ်ကျောင်းတော်များ ရေရှည်တည်တံ့ရေး နှင့် ဒုတိယအကြိမ်မြောက် ဓမ္မစကူးလ် ဆရာဖြစ် ဆင့်ပွားသင်တန်း ဖွင့်လှစ်နိုင်ရေးတို့အတွက် မစိုးရိမ်ကျောင်းတိုက်(မယ်ယန်း)၌ ၂၀၁၄ခုနှစ် မတ်လ(၂၉)ရက် နေ့မှာ ဆက်လက် ညှိနှိုင်းဆွေးနွေးသွားမှာ ဖြစ်ကြောင်း သိရှိရသည်။