ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် ဗီဒီယိုအခြေခံအဖွဲ့၊ အမှုဆောင်အဖွဲ့ရွေးချယ်ခြင်း အခမ်းအနားအား တာချီလိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် အောက်တိုဘာလ ၁၂ရက်နေ့၊ နံနက် ၁၀နာရီ ၃၀မိနစ်အချိန်က ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး၊ ပြည်နယ်/တိုင်း/ခရိုင် ဗီဒီယိုအခြေခံအဖွဲ့များ ရွေးချယ်တင်မြှောက်ရေး ကော်မရှင် ဥက္ကဌ ဦးမောင်မောင်ဦး (စနှိုးဝှိုက်)၊ ဦးတင်အောင် (လပ်ကီးပဲလေ့စ် ဗီဒီယို ထုတ်လုပ်ရေး)၊ ဦးစိုးသန်း (ထားဝယ်)တို့မှ ဦးဆောင်၍ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ပြည်နယ်ဗီဒီယိုအခြေခံအဖွဲ့ ဥက္ကဌ ဦးစိုင်းဆိုင်ခမ်း အပါအ၀င် တာချီလိတ်ခရိုင် အတွင်းရှိ ဗီဒီယို နှင့်ပတ်သက်သည့် ဖြန့်ချီ/ငှားရမ်းသူ လုပ်ငန်းရှင်များအပြင်မြန်မာနိုင်ငံဂီတအစည်းအရုံး (တာချီလိတ်)၏ ဥက္ကဌ ဦးစိုင်းလွယ်ခမ်း နှင့် စိုင်းမွန်းကျိန်(ကိုစိန်လွင် -ဒု-လ၀ကမှူး)တို့မှလည်း လေ့လာသူအဖြစ် တက်ရောက်ခဲ့ကြပြီး တာချီလိတ်ခရိုင် ဗီဒီယိုအခြေခံအဖွဲ့၏ အမှုဆောင်များအဖြစ်ဖြန့်ချီသူ နှင့် ငှားရမ်းသူ ၉ ဦးတို့အား ရွေးချယ်ခဲ့ကြသည်။
တာချီလိတ်ခရိုင် ဗီဒီယိုအခြေခံအဖွဲ့၏ အမှုဆောင်များအဖြစ် မရွေးချယ်မီ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး၊ ပြည်နယ်/တိုင်း/ခရိုင် ဗီဒီယိုအခြေခံအဖွဲ့များ ရွေးချယ်တင်မြှောက်ရေး ကော်မရှင် ဥက္ကဌ ဦးမောင်မောင်ဦး (စနှိုးဝှိုက်)မှ ဗီဒီယိုနှင့်ပတ်သက်သည့် ကိစ္စရပ်များ နှင့် အမှုဆောင်ရွေးချယ်ခြင်းဆိုင်ရာ အကြောင်းအရာများကို ရှင်းလင်းပြောကြားပြီးနောက် အမှုဆောင်ရွေးချယ်ခြင်းကိစ္စအား ဆက်လက်ဆောင်ရွက်ကြသည်။
အမှုဆောင်ရွေးချယ်ရန်အတွက် သတ်မှတ်ထားသော စည်းမျဉ်းအရ အမှုဆောင် ၉ ဦးအဖြစ် ရွေးချယ်ရမည်ဖြစ်ရာ ငှားရမ်းသူ လုပ်ငန်းရှင်များမှ အမှုဆောင်အဖြစ် တာဝန်ယူလိုသူ ၆ ဦးထဲမှ ၅ ဦးအား မဲစနစ်ဖြင့် ရွေးချယ်ခဲ့ကြပြီးနောက် ဖြန့်ချီသူထဲမှ ၄ ဦးအား ဆက်လက်၍ အမှုဆောင်အဖြစ်
ရွေးချယ်ခဲ့ကြသည်။
အမှုဆောင်အဖြစ် ၉ ဦးအား ရွေးချယ်ခဲ့ကြပြီးနောက် တာဝန်အသီးသီးပေးအပ်ရန်အတွက် အမှုဆောင်အဖြစ် ရွေးချယ်ခံရသူ ၉ ဦးမှ မိမိတို့ ဆန္ဒအရ ပြန်လည်၍ ရွေးချယ်ခဲ့ကြရာတွင်
ဥက္ကဌ အဖြစ် - ဦးသိန်းတန်
ဒု-ဥက္ကဌ အဖြစ် - ဦးအောင်မျိုးဝင်း
အတွင်းရေးမှူးအဖြစ် - ဦးမော်ကြီး
တွဲဖက်အတွင်းရေးမှူး အဖြစ် - ဦးအောင်ကိုလတ်
ဘဏ္ဍာရေးမှူးအဖြစ် - ဦးကျော်သူစိုး
စာရင်းစစ်အဖြစ် - ဦးမြင့်မောင်အေး
ပြန်ကြားရေးမှူးအဖြစ် - ဦးဖြိုးဇေယျာလင်း
စည်းရုံးရေးမှူးအဖြစ် - ဦးထွန်းမင်းသိန်း
အမှုဆောင်အဖွဲ့ဝင် အဖြစ် - ဦးဇော်လွင်အောင် တို့အား အများသဘောတူဆန္ဒဖြင့် အဆိုပါကော်မရှင် ဥက္ကဌ ဦးမောင်မောင်ဦး (စနှိုးဝှိုက်)မှ အတည်ပြုကြေညာပေးသွားခဲ့သည်။
ရွေးချယ်မှုအစီအစဉ်ပြီးသည့်နောက်တွင် ဦးမောင်မောင်ဦး (စနှိုးဝှိုက်)မှ ဖြန့်ချီ/ငှားရမ်း လုပ်ငန်းရှင်းများအနေဖြင့် မိမိတို့ သိလိုသည်များကို မေးမြန်းနိုင်ကြောင်း နှင့် အခက်အခဲများအား ရှိပါက တင်ပြဆွေးနွေးနိုင်ပါကြောင်း ပြောကြားလာရာ ဖြန့်ချီ/ငှားရမ်းလုပ်ငန်းရှင်များမှ မြန်မာဇာတ်ကားများအား အရည်သွေးမြှင့်ရန်လိုအပ်ကြောင်း၊ ဌား/ရမ်းလိုင်စင်ရှိသော လုပ်ငန်းရှင်များအတွက် နစ်နာမှု တစ်ခုဖြစ်သည့် လိုင်စင်မရှိပဲ ငှားရမ်းနေကြသော ဆိုင်များအား အရေးယူပေးရန်လိုအပ်ပါကြောင်း၊ ဌားရမ်းသည့် ခွေဆိုင်များမှာ တစ်ဆိုင်နှင့်တစ်ဆိုင် နီးကပ်နေလျှင် အဆင်မပြေသည့်အတွက် တစ်ဆိုင်နှင့် တစ်ဆိုင် အကွာအဝေး သတ်မှတ်ပေးပါရန် နှင့် ဖြန့်ချီသည့် ဗီဒီယိုခွေဈေးနှုန်းများမှာ တစတစ များလာသော်လည်း ခွေငှားခ နှုန်းမှာ ၁၀ ဘတ်သာ ဖြစ်နေ၍ ငှားရမ်းသူများမှ အိတ်စိုက်နေရသည် ဖြစ်သည့်အတွက် ဈေးနှုန်းကို ငှားရမ်းသူ ဆိုင်များနှင့် ညှိနှိုင်းကာ သတ်မှတ်ပေးစေလိုကြောင်း စသည်ဖြင့် ဆွေးနွေးတင်ပြသွားခဲ့ကြသည်။
ဦးမောင်မောင်ဦး (စနှိုးဝှိုက်)မှ ပြန်လည်ဖြေကြားရာတွင် ဇာတ်ကားအရည်အသွေးမြှင့်ရန် ကိစ္စမှာ ဈေးကွက်မြှင့်ရန် အဓိကဖြစ်ကြောင်း၊ ဆိုင်အကွာအဝေး နေရာသတ်မှတ်ခြင်း ကိစ္စအား တစ်ပြည်လုံး အတိုင်းအတာဖြင့် မူချမှတ်နိုင်ရန် ကြိုးစားနေကြောင်း နှင့် ခွေငှားရမ်းခများကို သတ်မှတ်ရန်ကိစ္စမှာ ဌားရမ်းသည့်ဆိုင်ရှင်များ အားလုံး တပြေးညီ သတ်မှတ်နိုင်မှသာ အဆင်ပြေနိုင်မှာ ဖြစ်ကြောင်း စသည်ဖြင့် ပြန်လည်ဖြေကြားသွားခဲ့သည်။
ပုံများကိုကြည့်ရန်
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/
Email: [email protected]
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬