Prove Garment ကုမ္ပဏီပိုင် အထည်ချုပ်စက်ရုံရှိ မြန်မာအလုပ်သမားများ၏ ယာယီနိုင်ငံကူးလက်မှတ်၊ Work Permit နှင့် ၂၀၁၃ခုနှစ် စက်တင်ဘာလအတွက် လုပ်အားခများ ပေးချေခြင်းအား အောက်တိုဘာ ၁၀ ရက်၊ နံနက် ၉နာရီ ၂၀မိနစ်အချိန်မှ စတင်ကာ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ပိုင်ရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပဆောင်ရွက်ရာ မြန်မာ-ထိုင်း နယ်ခြားကော်မတီမှ ဦးဘိုလေး ဦးဆောင်သည့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီမှ
ကော်မတီဝင်များ၊ တာချီလိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ မဇ္ဈိမလူမှုကူညီရေးအသင်းမှ အသင်းဝင်များ၊ ၀ဏ္ဏသိန်းသန်း သတ္တုတူးဖော်ရေးကုမ္ပဏီ ပိုင်ရှင် ဦးစိုင်းဝဏ္ဏထွန်း နှင့် ကုမ္ပဏီဝန်ထမ်းများ၊ မြန်မာအလုပ်သမားများ၊ မယ်ဆိုင်မြို့ လက်ထောက် မြို့ပိုင် Mr.Wiwat Jeansawan၊ ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင် အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှ လက်ထောက်ဦးစီး အရာရှိ Mrs. Chadaporn နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ မဲခေါင်မြစ်ဝှမ်း ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းမှ အလုပ်သမားအခွင့်အရေးဆိုင်ရာ ရှေ့နေ Mr. Chartaree ၊ ထိုင်းမီဒီယာများ တက်ရောက်ကြသည်။
ရှေ့ဦးစွာ မြန်မာအလုပ်သမား ၁၈၆ ဦးအတွက် ၀ဏ္ဏသိန်းသန်းသတ္တုတူးဖော်ရေးကုမ္ပဏီမှ ထိုင်းဘတ်ငွေ ၂၃၇၆၀ ဘတ် တန်ဖိုးရှိသည့် ဆန် ၁၁ အိတ်၊ ဆီ ၃ ပုံး၊ ငါးခြောက်၊ အာလူး၊ ကုလားပဲ၊ လက်ဖက်များအား အလှူရှင် ဦးစိုင်းဝဏ္ဏထွန်းမှ ပေးအပ်လှူဒါန်းရာ အလုပ်သမားကိုယ်စားလှယ်များမှ လက်ခံရယူကြသည်။
ထို့နောက် အလုပ်သမားများ၏ အလုပ်လုပ်ပိုင်ခွင့် Work Permitများကို တာဝန်ရှိသူများမှ တစ်ဦးချင်းစီ စီစစ်၍ ပြန်လည်ပေးအပ်ပြီးနောက် အလုပ်သမားများအား ကော်မတီမှ နေ့လည်စာ ကြက်ဆီထမင်း ပွဲ ၂၀၀ ကျော်ဖြင့် ကျွေးမွေးဒါနပြုကြသည်။ ဆက်လက်၍ မယ်ဆိုင်မြို့ရဲစခန်းသို့ ရှေ့နေ Mr. Chartaree ချာသရီ နှင့် ကော်မတီဝင်တစ်ဦး၊ အလုပ်သမားကိုယ်စားလှယ်တစ်ဦးတို့မှ သွားရောက်ကာ အလုပ်ရှင်မှ သိမ်းယူထားသည့် ယာယီနိုင်ငံကူးလက်မှတ်များအား ပြန်လည်ထုတ်ယူခဲ့ကြသည်။
မွန်းလွဲပိုင်းတွင် အလုပ်သမားများ၏ ယာယီ နိုင်ငံကူးလက်မှတ်များနှင့် သြဂုတ်လ ၂၅ ရက်နေ့မှ စက်တင်ဘာလ ၉ ရက်နေ့ထိ ရပိုင်ခွင့်ရှိသော လုပ်အားခများအား တာဝန်ရှိသူများမှ တစ်ဦးချင်းစီ စီစစ်ပေးအပ်ခဲ့ရာ ညနေ ၅နာရီ ၄၅မိနစ်အချိန်တွင် အောင်မြင်စွာ ပြီးမြောက်ခဲ့ကြသည်။ ဆက်လက်၍ အလုပ်ရှင်မှ သိမ်းဆည်းထားသည့် Work Permit နှင့် ယာယီနိုင်ငံကူးလက်မှတ်များအား အကြောင်းအမျိုးမျိုးကြောင့် လာရောက် မထုတ်ယူနိုင်သေးသည့် အလုပ်သမားများ၏ ကိုယ်စား
ကော်မတီတာဝန်ရှိသူများမှ လွှဲပြောင်းလက်ခံယူခဲ့ပါသည်။ အဆိုပါ Work Permit နှင့် ယာယီနိုင်ငံကူးလက်မှတ်များအား စနစ်တကျ စီစစ်ပြီးနောက် မကြာမီကာလအတွင်း သက်ဆိုင်သူများထံ ပေးအပ်သွားမည်ဖြစ်ပါသည်။
ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့်
စေ့စပ်ညှိနှိုင်းရေး ကော်မတီအား သြဂုတ်လ ၂၆ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ရာ ပထမဦးစွာ ဂတ်စ်အိုးများ သိမ်းဆည်းခံရမှုကိစ္စကိုလည်းကောင်း၊ ဘတ်ငွေ ၈.၅သိန်း ကိစ္စအား ဒုတိယမြောက် အဖြစ်လည်းကောင်း၊ ကိုင်တွယ်ဖြေရှင်းပေးခဲ့ရပြီး ယခု တတိယမြောက်အဖြစ် မယ်ဆိုင်မြို့ အထည်ချုပ်စက်ရုံ အလုပ်သမားများကိစ္စအား စက်တင်ဘာလ ၁၀ ရက်နေ့မှ စတင်ကိုင်တွယ် ဖြေရှင်းဆောင်ရွက်ခဲ့ရာ တစ်လပြည့်မြောက်သည့် အောက်တိုဘာလ ၁၀ ရက်နေ့တွင် အထက်ဖော်ပြပါ Work Permit၊ ယာယီနိုင်ငံလက်မှတ်နှင့် ထိုက်သင့်သော လုပ်အားခများအား ပြန်လည်ရရှိခဲ့ပြီး ကျန်ရှိနေသေးသော နစ်နာကြေးကိစ္စများအား ကော်မတီမှ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
“ ကျွန်တော်တို့ ကော်မတီအနေနဲ့ ဒီအလုပ်သမားအရေးကိစ္စကို တစ်လတာအတွင်း ကိုယ်စွမ်းဥာဏ်စွမ်း ရှိသလောက် အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်ခဲ့ပါတယ်၊ မျှော်မှန်းထားသလောက်လည်း
အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်၊ ဒါဟာလည်း ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများ၊ တာချီလိတ်မြို့သူ မြို့သားများ၊ လူမှုရေးအဖွဲ့အစည်းများရဲ့ ပံ့ပိုးကူညီမှုကြောင့် ပိုမိုလျင်မြန် ထိရောက်စွာ
ဆောင်ရွက်နိုင်ခဲ့တာ ဖြစ်ပါတယ်”ဟု ကော်မတီဝင် တစ်ဦးမှ တာချီလိတ်အွန်လိုင်းသို့ ၀မ်းမြောက်ပီတိစကား ပြောကြားသွားသည်။
ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့်
စေ့စပ်ညှိနှိုင်းရေး ကော်မတီမှ မြန်မာအလုပ်သမားများအား အခက်အခဲဖြစ်နေချိန်ကာလအတွင်းနှင့် ယနေ့ ထောက်ပံ့မှုအကြိမ်အပါအ၀င် စားနပ်ရိက္ခာများအား လေးကြိမ်မြောက်
ထောက်ပံ့ကူညီပေးခဲ့တာဖြစ်ပြီး တစ်ကြိမ်လျှင် ထောက်ပံ့မှုမှာ ဘတ်သုံးသောင်းခန့် ရှိကြောင်း သိရှိရသည်။
ပုံများကိုကြည့်ရန်
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/
Email: [email protected]
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬