ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ Prove Garment Co.,Ltd. အပိုင် အထည်ချုပ်စက်ရုံ၌ အလုပ်ထုတ်ခံရသည့် မြန်မာအလုပ်သမား ၁၈၀ကျော်တို့အတွက် လုပ်အားခ ရရှိရေးအပြင် ပတ်စပို့စာအုပ် ပြန်လည်ရရှိရေး ကိစ္စနှင့် ပတ်သက်၍ ထိုင်းနိုင်ငံ၊ ချင်းရိုင်းမြို့ရှိ အလုပ်သမားများ ကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာနမှူးရုံးတွင် ချင်းရိုင်းခရိုင် အလုပ်သမားရုံးမှ ခရိုင်ဦးစီးမှူးနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဘက်မှ ထိုင်း-မြန်မာ နယ်ခြားကော်မတီမှ ဦးဘိုလေး ဦးဆောင်ပြီး၊ "ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ"မှ ကော်မတီဝင် ၆ ဦး အပါအ၀င် မြန်မာအလုပ်သမားများဘက်မှ ကိုယ်စားလှယ် ၃ ဦး တို့ အောက်တိုဘာလ ၈ရက်၊ နေ့လည် ၁နာရီ ၁၅မိနစ် အချိန်မှ ၂နာရီ ၁၅မိနစ် အချိန်ထိ တွေ့ဆုံဆွေးနွေးခဲ့ကြရာ အလုပ်ရှင်မှ အလုပ်သမားများအတွက် စက်တင်ဘာလ လုပ်အားခများအား ထုတ်ပေးမည်ဖြစ်ပြီး သိမ်းဆည်းထားသော ပတ်စပို့နှင့် အလုပ်ပါမစ် များကို သက်ဆိုင်ရာမှ တဆင့် အလုပ်သမားများ၏ အကျိုးဆောင်ရှေ့နေ မစ္စတာ ချာသရီ မှ လက်ခံရယူပြီး အလုပ်သမားများ လက်ဝယ်သို့ ပြန်လည်ပေးအပ်သွားမည်ဖြစ်ကြောင်း အတည်ပြု ဆွေးနွေးသွားခဲ့သည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာ အလုပ်သမားရုံး၏ တာဝန်ရှိသူမှ အလုပ်ရှင်အနေဖြင့် ပတ်စပို့များကို ရဲစခန်း၌ ပေးအပ်ထားပြီဖြစ်ကြောင်း နှင့် စက်တင်ဘာလအတွက် လုပ်အားခများကိုလည်း လာမည့် ကြာသပတေးနေ့တွင် ထုတ်ပေးမည်ဖြစ်ကြောင်း၊ ယခုလိုဖြစ်စဉ်မျိုး ချင်းမိုင်မြို့ရှိ Prove Garment ဗဟို အထည်ချုပ်စက်ရုံတွင်လည်း အလုပ်ရှင်နှင့်အလုပ်သမား ပဋိပက္ခများဖြစ်ပေါ်နေကြောင်း နှင့် လောလောဆယ်တွင် အလုပ်သမားများအနေဖြင့် စက်တင်ဘာလ လုပ်အားခများအား ရယူထားစေလိုပြီး၊ ကြိုတင်အသိမပေးပဲ အလုပ်ထုတ်လိုက်သည့် အတွက် လျော်ကြေး ရရှိရန် ဆက်လက်၍ စောင့်ဆိုင်းရမှာဖြစ်ကြောင်း အလုပ်ရှင်ကိုယ်စား ရှင်းလင်းပြောကြားလာသည်။
ဆွေးနွေးချက်နှင့် ပတ်သက်၍ စက်တင်ဘာလအတွက် လုပ်အားခ နှင့် ပတ်စပို့ အပါအ၀င် အလုပ်ပါမစ်များကို ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာန၊ ချင်းရိုင်းခရိုင် အလုပ်သမားရုံးမှ တာဝန်ယူ၍ အောက်တိုဘာလ ၁၀ရက်နေ့ နံနက် ၉နာရီအချိန်၌ မယ်ဆိုင်မြို့ပိုင်ရုံးတွင် အလုပ်သမားများ လက်ဝယ်သို့ ပြန်လည် ပေးအပ်သွားမည်ဖြစ်ကြောင်း နှင့် အဆိုပါနေ့တွင် "ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ"မှ အလုပ်သမားများအတွက် စားနပ်ရိက္ခာများကို ပေးအပ်ထောက်ပံ့သွားမှာဖြစ်ကြောင်း သိရှိရသည်။
ပုံများကိုကြည့်ရန်
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/
Email: [email protected]
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬