တာချီလိတ် မြို့နယ်လုံးဆိုင်ရာ ပထမအကြိမ် ဓမ္မစကူးလ် ဆရာဖြစ် ဆင့်ပွားသင်တန်းဆင်းပွဲ ပါလျှံဘုရားကြီးကျောင်းတိုက်၌ ပြုလုပ်

တာချီလိတ် မြို့နယ်လုံးဆိုင်ရာ ပထမအကြိမ် ဓမ္မစကူးလ် ဆရာဖြစ် ဆင့်ပွားသင်တန်းဆင်းပွဲ ပါလျှံဘုရားကြီးကျောင်းတိုက်၌ ပြုလုပ်
အောက်တိုဘာ 18, 2013
By Tachileik News Agency

တာချီလိတ်မြို့နယ်လုံးဆိုင်ရာ ပထမအကြိမ် ဓမ္မစကူးလ် ဆရာဖြစ် ဆင့်ပွားသင်တန်းအား ၁၃.၁၀.၂၀၁၃ မှ စ၍  ၆ရက် တိုင်တိုင် ဖွင့်လှစ်၍ သင်တန်းပို့ချလာခဲ့ရာ ၁၈.၁၀.၂၀၁၃ရက် ညနေ ၃နာရီ ၃၀ မိနစ်မှ ညနေ ၅နာရီ ၂၀ မိနစ်အချိန်ထိ အဆိုပါ သင်တန်းဆင်းပွဲ အခမ်းအနားအား တာချီလိတ်မြို့နယ် ရန်အောင်မြေ၊ ပါလျှံဘုရားကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

ညနေ ၃နာရီခွဲတွင် နမောတဿ သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားအား ဖွင့်လှစ်ခဲ့ကြပြီး ဆက်လက်၍ တာချီလိတ်မြို့နယ် လွယ်တော်ခမ်းကျေးရွာအုပ်စု၊ သာသနာ့ဂုဏ်ရည်ဓမ္မာစရိယကျောင်းတိုက်မှ သာသနဓဇဓမ္မာစရိယ ဆရာတော် ဦးဓမ္မဓဇ မှ သြ၀ါဒမိန့်ကြားတော်မူသည်။

ထို့နောက် ရန်ကုန်မြို့ ဓမ္မစကူးလ်ဖောင်ဒေးရှင်း(ဗဟို)မှ သင်တန်းမှူး ဆရာ ဦးအောင်ကြီးမှ ဆရာဖြစ် ဆင့်ပွားသင်တန်းနှင့်ပတ်သက်၍ ကျေးဇူးတင်စကား ပြောကြားပြီး၊ တာချီလိတ်မြို့နယ် တာချီလိတ်ပင်မ တနင်္ဂနွေ ဓမ္မစကူးလ်ကျောင်းတော်မှ အလုပ်အမှုဆောင် ဥက္ကဌ ဦးကျော်သီဟ မှ ၀မ်းမြောက်စကား ပြောကြားခဲ့ကြသည်။

ယင်းနောက် ပထမအကြိမ် ဓမ္မစကူးလ်ဆင့်ပွား ဆရာဖြစ်သင်တန်း၌ တက်ရောက်လေ့လာ သင်ကြားကြကုန်သော သင်တန်းသူ/သား ဆရာတော်များ၊ ဆရာ/မများအား သင်တန်းဆင်း လက်မှတ်များကို ဆရာတော်များနှင့် အဆိုပါ အလုပ်အမှုဆောင်များက အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြပြီးနောက် အမှတ်တရ ဓါတ်ပုံများရိုက်ကာ အခမ်းအနားအား ပြီးမြောက်စေခဲ့ကြသည်။

ယခုသင်ကြားပို့ချသော ပထမအကြိမ် ဓမ္မစကူးလ်ဆင့်ပွားဆရာဖြစ် သင်တန်း၌ ရန်ကုန်မြို့ ဓမ္မစကူးလ်ဖောင်ဒေးရှင်း(ဗဟို)မှ သင်တန်းမှူး ဆရာ ဦးအောင်ကြီး နှင့် ဆရာ ဦးဆက်နိုင်ထွန်း တို့မှ လာရောက် သင်ကြားပို့ချတာဖြစ်ပြီး ဆရာဖြစ် သင်တန်းတက်ရောက်သူ သံဃာတော်များနှင့် ဆရာ/မ သင်တန်းသူ/သားများ အပါအ၀င် ၃၆ ဦး နှင့်  အကူ ဆရာ/မများအဖြစ် တက်ရောက်သူ ၂၃ ဦး စုစုပေါင်း ၅၉ ဦး ရှိကြောင်းသိရသည်။

"အရင်တုန်းက ဓမ္မစကူးလ်မှာ အကူလုပ်ပေးနေတုန်းက ဘာမှ သိပ်နားမလည်ခဲ့ဘူး၊ ကလေးတွေကို ဘယ်လို သင်ကြားပေးရမယ်ဆိုတာ မသိခဲ့ဘူး၊ ဆရာ/မတွေ သင်ကြားပို့ချတာကို မြင်တော့ မြင်တဲ့အတိုင်းပဲ လိုက်ကူဖြစ်တာ၊ အခု ၆ရက်သာ သင်တန်းတက်လိုက်ရတော့ တော်တော်လေးကို နားလည် သဘောပေါက်လာတယ်၊ ကလေးတွေကို ဘယ်လို ပြောဆို သင်ပြရမယ်ဆိုတာတွေက အစ နားလည်လာခဲ့ပါတယ်"ဟု သင်တန်း၌ တက်ရောက်ခဲ့သူ အကူ ဆရာမတစ်ဦးက တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။

" ဓမ္မစကူးလ်က ကလေးသူငယ်တွေအတွက် ကြီးသူရိုသေ ရွယ်တူလေးစားပြီး၊ ဘာသာတရား ကိုင်းရှိုင်းစေတဲ့အပြင် လိမ္မာယဉ်ကျေးစေသလို ဆရာဖြစ် ဆင့်ပွားသင်တန်းကလည်း ကျွန်မတို့အတွက် တကယ့်ကို အဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံကောင်းတွေရလိုက်တဲ့ သင်တန်းတစ်ခုပါပဲရှင်"ဟု သင်တန်း၌ ဆရာမအဖြစ် တက်ရောက်ခဲ့သူက တာချီလိတ်အွန်လိုင်းသို့ ပြောလာသည်။

ဆရာဖြစ် သင်တန်း၌ တက်ရောက်ခဲ့ကြသော သံဃာတော်များနှင့် ဆရာ/မများသည် တာချီလိတ်မြို့နယ်လုံးရှိ ရန်အောင်မြေ ပါလျှံဘုရားကြီးကျောင်း၊ သာသနဝေပုလ္လ အလိုတော်ပြည့်ကျောင်း၊ ဝေဠုဝန် မိုးကုတ်ဝိပဿနာ ကမ္မဋ္ဌာန်းကျောင်း၊ နောင်ခမ်းအောင် ဆုပန်လူငယ် ဖွံ့ဖြိုးရေးပရဟိတကျောင်း၊
မစိုးရိမ်ကျောင်း(မယ်ယန်း)၊ လေယာဉ်ကွင်းကျောင်း၊ ရွှေတောင်တန်း ဘုန်းတော်ကြီးသင် ပရဟိတကျောင်း၊ အောင်မင်္ဂလာလူငယ်ဖွံ့ဖြိုးရေး ပရဟိတကျောင်း၊ သီရိမင်္ဂလာ ဆန်ဆိုင်းကျောင်း၊ ရွှေပြည်သာကျောင်း၊ လွမ်းမွန်းကျောင်း နှင့် အေးချမ်းစေကျောင်းတို့တွင်  အုပ်စုခွဲ၍ သင်ကြားပို့ချမှုကို
၂၇.၁၀.၂၀၁၃ခုနှစ် တနင်္ဂနွေနေ့တွင် စတင်၍ ကလေးသူငယ်များအား သင်ကြားပို့ချပေးသွားမှာ ဖြစ်ကြောင်း သိရှိရသည်။

ပုံများကိုကြည့်ရန်
ဓမ္မစကူးလ် ဆရာဖြစ် ဆင့်ပွားသင်တန်းဆင်းပွဲ

114 photos
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/TachileikNews
Email: [email protected]
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~