ရှမ်းပြည်နယ်(အရှေ့ပိုင်း) နယ်စပ်ဒေသမြို့ဖြစ်သည့် တာချီလိတ်မြို့တွင် မြန်မာနိုင်ငံ၏ ပထမဦးဆုံးအကြိမ်အဖြစ် လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အခမ်းအနားအား အောင်မြတ်ခန်းမ၌ စက်တင်ဘာလ ၁၃ ရက်၊ နံနက် ၉ နာရီက ပြုလုပ်ကျင်းပခဲ့ကြသည်။
အခမ်းအနားတွင် ခရိုင်လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဒုဥက္ကဌ၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးနေမျိုးထွဋ်မှ လူကုန်ကူးမှုနှင့် ပတ်သက်၍ "ဗဟိုအဖွဲ့မှ တားဆီးနှိမ်နင်းရေးအဖွဲ့များ၏ (၅)နှစ်အတွင်း ဖော်ထုတ်ခဲ့သော လူကုန်ကူးမှုပေါင်း (၆၄၁)မှု၏ ဖြစ်စဉ်များကို အသေးစိတ် လေ့လာ သုံးသပ်သည့်အခါ မြန်မာနိုင်ငံအတွင်း မြို့နယ်ပေါင်း (၃၃၀)မြို့နယ် အနက်၊ (၁၁၉)မြို့နယ်တွင်သာ လူကုန်ကူးမှုဖြစ်ပွားခဲ့ကြောင်း၊ လူကုန်ကူးမှုဖြစ်ပွားသည့် (၁၁၉)မြို့၌ လူကုန်ကူးမှုအများဆုံး ဖြစ်ပွားသည့် မြို့နယ်မှာ (၄၂)မြို့နယ်၊ အနည်းအကျဉ်းဖြစ်ပွားသည့် မြို့နယ်မှာ (၃၄)မြို့နယ်ရှိပြီး ရံဖန်ရံခါဖြစ်ပွားသော မြို့နယ်မှာ (၄၃)မြို့နယ်ဟူ၍ အုပ်စု (၃)စု ခွဲခြား သတ်မှတ်ထားကြောင်း၊ တာချီလိတ်ခရိုင်သည် အုပ်စု(၁) (၄၂)မြို့နယ်တွင် ပါဝင်သည့်အတွက် အထူးစီမံချက်နယ်မြေအတွင်းမှာ တာဝန်ထမ်းဆောင်နေသော ခရိုင်ရဲမှူး၊ စခန်းမှူး နှင့် နယ်ထိန်း အရာရှိ (၃)ဦးတို့ကို ၂၀၁၂ခုနှစ် အတွင်းမှာ သင်တန်းခေါ်ယူကာ နယ်မြေခံ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအဖွဲ့နှင့် အတူ လုပ်ငန်းစဉ် (၁၀)ရပ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက် စေခဲ့ကြောင်း၊"မိန့်ခွန်းတွင် ပြောကြားသွားခဲ့သည်။
ဆက်လက်၍ မြို့နယ်လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူးမှ လူကုန်ကူးမှုနှင့် ပတ်သက်၍ "လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍ မည်သည့်နိုင်ငံမှာမှ ပြီးပြည့်စုံသည့် ဆောင်ရွက်မှုများ မရှိကြသော်လည်း၊ တစ်ဦးချင်း၊ တစ်ဖွဲ့ချင်းစီ၏ အားနည်းချက်များကို
သုံးသပ်ပြီး ပူးပေါင်းဆောင်ရွက်ကြမည်ဆိုပါက မြန်မာနိုင်ငံ၏ လူကုန်ကူးမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်သည် တဖြည်းဖြည်းနှင့် ပြည့်စုံသော လုပ်ငန်းစဉ်တစ်ခု ဖြစ်လာမှာ ဖြစ်ကြောင်း" စသည်ဖြင့် ရှင်းလင်းပြောကြားသွားခဲ့သည်။
ယင်းနောက် World Vision Myanmar ဇုံနယ်မန်နေဂျာ ဦးစရီးနိုမှ လူကုန်ကူးမှု တားဆီးကာကွယ်ရေးတွင် World Vision Myanmar မှ ပါဝင်လုပ်ဆောင်လျှက်ရှိသော အခန်းကဏ္ဍများ နှင့် လူကုန်ကူးမှုနှင့် ပတ်သက်သည့် အကြောင်းအရာများအား ရှင်းလင်းပြောကြားသွားခဲ့သည်။
ဆက်လက်၍ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့အား ဂုဏ်ပြုသောအားဖြင့် ရွှေတာချီခရီးသွားလုပ်ငန်းမှ အငှားဆိုင်ကယ်ပြေးဆွဲသူများ၊ ရပ်/ရွာများမှ အမျိုးသမီးများအား လူကုန်ကူးမှုနှင့် ပတ်သက်သည့် အသိပညာ ဟောပြောမှုများ ပြုလုပ်ရာ တာချီလိတ်မြို့နယ်ရဲစခန်း၊ စခန်းမှူး ဒုရဲမှူးကျော်သန်းမှ နှုတ်ခွန်းဆက်စကား ပြောကြားပြီး၊ လူကုန်ကူးမှုတားဆီးနိမ်နင်းရေးအဖွဲ့မှ ဒုရဲမှူးယဉ်ယဉ်အေးက အသိပညာဆိုင်ရာများကို ဆက်လက်ဟောပြောခဲ့ကြသည်။
၂၀၀၅ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေ ပြဋ္ဌာန်းပြီး အဆင့်ဆင့်သော လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့များအား ဖွဲ့စည်းခဲ့သလို ဥပဒေကို အကောင်အထည်ဖော်ရန်အတွက် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့စုများအား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သည်မှာ ယနေ့အထိ တပ်ဖွဲ့စုပေါင်း ( ၂၆ )ဖွဲ့ ဖွဲ့စည်းထားရှိပြီးဖြစ်ကြောင်း နှင့် ယနေ့ ပြုလုပ်သော လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အား မြန်မာနိုင်ငံတွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေ ပြဋ္ဌာန်းနိုင်ခဲ့သည့် ၂၀၀၅ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့အား အမှတ်တရ ဂုဏ်ပြုသည့် အနေဖြင့် မြန်မာနိုင်ငံ လူကုန်ကုးမှု တိုက်ဖျက်ရေးနေ့ အဖြစ် သတ်မှတ်တာဖြစ်ကြောင်း သိရှိရသည်။
ပုံများအားကြည့်ရန်
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/
Email: [email protected]
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬