တာချီလိတ်မြို့နယ်၊ မိုင်းဖုန်းကျေးရွာအုပ်စုရှိ ပါခုတ်စစ်ဆေးရေးဂိတ်အား ကွင်းရှောင်သော လမ်းတစ်နေရာတွင် စက်တင်ဘာလ ၁၆ရက်နေ့ ည ၇နာရီ မိနစ်၃၀အချိန်ခန့်က ၀မ်ပုံဘက်မှ တာချီလိတ်ဘက်သို့မောင်းနင်လာသော Pajero အမျိုးအစား ကားတစ်စီးအား မသင်္ကာ၍ တာချီလိတ်မူးယစ်(အထူး)မှ ဦးဆောင်သော ပူးပေါင်းအဖွဲ့တို့မှ ရှာဖွေစစ်ဆေးရာ WY စာတမ်းပါ ပန်းရောင် စိတ်ကြွဆေးပြား ၃၈၉၆၀၀ပြားအား ဖမ်းဆီးသိမ်းဆည်းရမိကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ တာချီလိတ်မူးယစ်(အထူး)အဖွဲ့နှင့် ပူးပေါင်းအဖွဲ့တို့မှ ပါခုတ်စစ်ဆေးရေးဂိတ်အား ကွင်းရှောင်သောလမ်းတွင် မူးယစ်ဆေးဝါးသတင်းအရ ပိတ်ဆို့ရှာဖွေမှုများပြုလုပ်နေစဉ် ၀မ်ပုံဘက်မှ တာချီလိတ်ဘက်သို့ မောင်းနှင်လာသော မော်တော်ယာဉ်များအား ရပ်တန့်ရှာဖွေစစ်ဆေးနေချိန်တွင် Pajero အမျိုးအစား ကားတစ်စီးမှာ စစ်ဆေးမှု ခံယူခြင်းမပြုဘဲ အနောက်ဘက်သို့ ပြန်လှည့်မောင်းနှင်သွားရာ အဆိုပါပူးပေါင်းအဖွဲ့မှ မော်တော်ယာဉ်ဖြင့် လိုက်လံပိတ်ဆို့တားဆီးသည့်အခါမှာ ကားပေါ်တွင်ပါရှိသော ယာဉ်မောင်းနှင့် ကျန်အမျိုးသားတစ်ဦးသည် ယာဉ်အား ရပ်တန့်ထားခဲ့ပြီး ရာဘာတောအတွင်းသို့ ထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရသည်။
ကျန်ရှိနေခဲ့သောကားအား ပူးပေါင်းအဖွဲ့မှ ဆက်လက်ရှာဖွေစစ်ဆေးရာ ဆာလာအိတ် ၂အိတ်အတွင်း အနီရောင် ရွှေငါးတံဆိပ်ပါ ပလပ်စတစ်အိတ်ဖြင့် ထုပ်ထားသည့် WY စာတမ်းပါ ပန်းရောင် စိတ်ကြွဆေးပြား တစ်ထုပ်လျှင် ၁၀၀၀၀ပြားစီပါ ၁၈ထုပ်၊ ၉၆၀၀ပြားပါ ၁ထုပ် စုစုပေါင်းဆေးပြား ၃၈၉,၆၀၀ပြားအား ရှာဖွေစစ်ဆေးတွေ့ရှိရပြီး အဆိုပါဆေးပြားများ၏ စုစုပေါင်း တန်ဖိုးငွေမှာ ကျပ်သန်းပေါင်း ၇၇၉.၂သန်းခန့် ရှိကြောင်း သိရသည်။
အမှုမှ တရားခံ(၂)ဦးအား ဖမ်းဆီးရမိရေးအတွက် မူးယစ်(အထူး)အဖွဲ့၊ နယ်မြေခံရဲတပ်ဖွဲ့၊ နယ်မြေခံ ပါခုတ်ကျေးရွာ ပြည်သူ့စစ်အဖွဲ့များနှင့်အတူ ပူးပေါင်းစုံစမ်းဆောင်ရွက်လျက်ရှိပြီး ပိုင်ရှင်ဖြစ်သူနှင့် ယာဉ်မောင်း ဖြစ်သူတို့အား တာချီလိတ်မြို့မရဲစခန်းမှ မယ(ပ)၁၁၆/၂၀၁၃၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁ အရ အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည်။
တာချီလိတ်မူးယစ်(အထူး)အဖွဲ့မှ သြဂုတ်လ ၃၁ရက်နေ့မှ စက်တင်ဘာလ ၁၆ရက်နေ့ထိ မူးယစ်ဆေးဝါးများအား ၆ကြိမ်ခန့် ဖမ်းဆီးရမိရာ WY အမှတ်တံဆိပ်ပါ စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း ၁,၃၇၄,၈၇၃ ပြားခန့် ဖမ်းဆီးရမိကြောင်း သိရှိရသည်။
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/
Email: [email protected]
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬