ဓမ္မစကူးလ်ကျောင်းတော် (တာချီလိတ်)၏ တတိယအကြိမ်မြောက် သင်ကြားမှု

ဓမ္မစကူးလ်ကျောင်းတော် (တာချီလိတ်)၏ တတိယအကြိမ်မြောက် သင်ကြားမှု
စက်တင်ဘာ 8, 2013
By Tachileik News Agency

ဓမ္မစကူးလ်ဖောင်ဒေးရှင်း မှ အပတ်စဉ် တနင်္ဂနွေ ဓမ္မစကူးလ် ကျောင်းတော်အား တာချီလိတ်၌ ၂၀၁၃ခုနှစ် သြဂုတ်လ ၁၈ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီးနောက် ယနေ့ စက်တင်ဘာလ ၈ ရက်နေ့သည် ကလေးသူငယ်များအား သင်ကြားပို့ချပေးခဲ့သည်မှာ  ၃ပတ် မြောက်ပြီ ဖြစ်ကြောင်း သိရှိရသည်။

ယခုလို ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ်များအား လိမ္မာယဉ်ကျေးစေရန်နှင့် ဘာသာတရား ကိုင်းရှိုင်းစေရန်အတွက် တာချီလိတ်မြို့ရှိ သံဃာတော် အရှင်သူမြတ်များနှင့် စေတနာရှင်များမှ ဦးစီးဦးဆောင် ပါဝင်ဆောင်ရွက်ကြပြီး အပတ်စဉ် တနင်္ဂနွေနေ့တိုင်း၌ အ.ထ.က(တာချီလိတ်)တွင် ယခုလို သင်ကြားပို့ချတာဖြစ်ကြောင်း သိရသည်။

တနင်္ဂနွေနေ့တိုင်း နံနက် ၈နာရီမှ နေ့လည် ၁၁ နာရီထိ သင်ကြားပို့ချပေးပြီးနောက် တာချီလိတ်မြို့ရှိ ဘုရား၊ စေတီ၊ ဘုန်းကြီးကျောင်း စသည့် နေရာများသို့ ကလေးသူငယ်များအား လိုက်လံ ပို့ဆောင် ပေးကြောင်းလည်း သိရသည်။

"မနက် ၈နာရီကစပြီး ကလေးတွေကို သင်ကြားပို့ချပြီးတိုင်း  ကလေးသူငယ်တွေကို ငယ်ငယ်လေးကတည်းက ဘုရားကျောင်းကန်တွေနဲ့ နီးစပ်မှုရှိအောင်ရယ်၊ ဘုန်းကြီးကျောင်းသွားတဲ့ အလေ့အကျင့်လည်း ရှိစေရန်အတွက် ဘုန်းကြီးကျောင်းတခုခုကို လိုက်လံ ပို့ဆောင်ပေးပါတယ်၊ ဒီနေ့တော့ မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက်ကို ပို့ဆောင်ပေးဖို့ စီစဉ်ထားပါတယ်"ဟု ဓမ္မစကူးလ်ကျောင်းတော်(တာချီလိတ်)၏ ဥက္ကဌ ဦးကျော်သီဟမှ တာချီလိတ်အွန်လိုင်းသို့
ပြောကြားလာသည်။

ဓမ္မစကူးလ်ကျောင်းတော်သို့ လာရောက်သင်ကြသော ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ်များအား အာဟာရအဖြစ် မုန့်များ နှင့် နို့ဗူးများ အပါအ၀င် အချိုရည်ဗူးများ ပေးဝေတိုက်ကျွေးရာမှာ ပထမအကြိမ်က ဦးဇော်မြင့်+ဒေါ်မာမာဝင်း မိသားစု ( "ဖြိုး" ကုန်မျိုးစုံဆိုင်)၊ ဒုတိယအကြိမ်က ဦးဇော်ထွဋ်+ ဒေါ်သန်းသန်းအေး မိသားစု နှင့် ယခု တတိယအကြိမ်တွင် ဦးဇော်ဇော်မြင့် + ဒေါ်မြင့်မြင့်ဇော် မိသားစုတို့က လှူဒါန်းခဲ့ကြတာ ဖြစ်ပြီး သင်ကြားပို့ချပေးကြသော သံဃာတော်များအား နေ့ဆွမ်းအတွက် ယနေ့တတိယအကြိမ်တွင် ဦးကျော်ရှဲန် + ဒေါ်ထားယုခိုင် မိသားစု ( ပုလဲ တည်းခိုခန်း )တို့မှ လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ယင်းကဲ့သို့ပင် ဓမ္မစကူးလ်ကျောင်းတော်(တာချီလိတ်)၌ ပညာသင်ယူနေကြသော ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ်များအတွက် စာရေးကိရိယာသော် လည်းကောင်း၊ အာဟာရအဖြစ် လှူဒါန်းလို၍သော် လည်းကောင်း၊ သံဃာတော်များအတွက် ဆွမ်းဆက်ကပ်လို၍သော် လည်းကောင်း၊ ဓမ္မစကူးလ်ကျောင်းတော်(တာချီလိတ်)အား ပံ့ပိုးကူညီလှူဒါန်းလို၍သော် လည်းကောင်း ဓမ္မစကူးလ်ကျောင်းတော်(တာချီလိတ်)၏ ဥက္ကဌ ဦးကျော်သီဟ နှင့် ဒုတိယ ဥက္ကဌ ဦးဇော်မြင့် တို့အား ဆက်သွယ်၍ လှူဒါန်းနိုင်ကြောင်း သိရသည်။

"အခုလို တာချီလိတ်မှာ ဓမ္မစကူးလ်ကျောင်းတော်အဖြစ် ဖွင့်လှစ်လိုက်တာဟာ အရမ်းကောင်းပါတယ်၊ ကျွန်တော့် သမီးဆိုရင် အရင်က အိမ်ကို ဘုန်းကြီးကြွလာရင် မကန်တော့ဘူး၊ လူကြီးတွေရှေ့ ရောက်ရင်လည်း ငုံ့မသွားဘူး၊ အခု ဓမ္မစကူးလ်မှာ ခဏလေးပဲ တက်ရသေးတယ်၊ အိမ်ကို ဘုန်းကြီးကြွလာရင် မခိုင်းရဘူး အလိုလို ကန်တော့တယ်၊ လူရှေ့သူရှေ့ဆို ခေါင်းငုံ့ပြီး သွားတတ်လာတယ်၊"ဟု ဓမ္မစကူးလ်တွင် လာရောက် သင်ကြားသူ ကျောင်းသူတစ်ဦး၏ ဖခင်မှ တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။

"ကလေးတွေ ငယ်ငယ်ရွယ်ရွယ်နဲ့ ယောဂီဝတ်စုံလေးတွေနဲ့ တွေ့ရတော့ စိတ်ချမ်းသာစရာ ကောင်းပါတယ်၊ နောက်ပြီး ဘုရားရှင်ရဲ့ အကြောင်းအရာတွေကို ကလေးတွေကို နားဝင်အောင် ပုံပြင်သဖွယ် ပြောပြတာလေးတွေက သိပ်စိတ်ဝင်စားစရာ ကောင်းတယ်၊"ဟု ကျောင်းသား မိဘတစ်ဦးမှ
 ပြောကြားလာသည်။

ဓမ္မစကူးလ်ကျောင်းတော်(တာချီလိတ်)သို့ ဆက်သွယ်လှူဒါန်းလိုလျှင် - 
ဦးကျော်သီဟ  -  ဥက္ကဌ 
မြန်မာဖုန်း ။     ။ 09-5240191, 084-51915
ထိုင်းဖုန်း။       ။ 0900524606
ပြည့်စုံပုံနှိပ်တိုက်၊ တာချီလိတ်မြို့။

ဦးဇော်မြင့် - ဒုတိယ ဥက္ကဌ
မြန်မာဖုန်း။     ။ 09-5240377 
ထိုင်းဖုန်း။     ။ 081-7645527
"ဖြိုး"ကုန်မျိုးစုံဆိုင်၊ တာချီလိတ်မြို့။

 ပုံများကိုကြည့်ရန်
အပတ်စဉ် တနင်္ဂနွေ ဓမ္မစကူးလ် ကျောင်းတော် တာချီလိတ်၏ ၃ပတ်မြောက်

131 photos
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/TachileikNews
Email: [email protected]
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬