နေအိမ်သို့ မရောက်ရှိလာသေးသော မောင်ဝေလင်းအောင်အား တွေ့ရှိပါက အကြောင်းကြားကြစေလို

နေအိမ်သို့ မရောက်ရှိလာသေးသော မောင်ဝေလင်းအောင်အား တွေ့ရှိပါက အကြောင်းကြားကြစေလို
သြဂုတ် 6, 2013
By Tachileik News Agency

မြန်မာ - ထိုင်း နယ်စပ်ဒေသမြို့တစ်မြို့ဖြစ်သည့် တာချီလိတ်မြို့တွင် အသက် ၁၃နှစ်အရွယ် ၈တန်းကျောင်းသားလေး မောင်ဝေလင်းအောင်သည် ပြီးခဲ့သော ဇူလိုင်လ ၂၂ရက်နေ့ကစပြီး ယနေ့ထိ နေအိမ်သို့ ပြန်လည်ရောက်ရှိမလာပဲ ပျောက်ဆုံးနေကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇူလိုင်လ ၂၂ ရက်နေ့ မွန်းလွဲ ၂နာရီခန့်က နေအိမ်ဖြစ်သော စည်ပင်ကုန်းမှ မိဘများ ဈေးရောင်းသော ဧရာဝတီဘဏ်၏ ဘယ်ဘက်အခြမ်းရှိ သစ်သီးဆိုင်သို့လာရန်အတွက် အိမ်နဘေးရှိ ၎င်းတို့နှင့် ရင်းနှီးသော ငယ်ရွယ်သူ မိန်းကလေးတစ်ဦးမှ သစ်သီးဆိုင်သို့ ပို့ဆောင်ပေးရာ သစ်သီးဆိုင်သို့ မရောက်မီ ကျောက်တိုင်ဘေးရှိ ဗယ်လင်တိုင်း လက်ဖက်ရည်ဆိုင်တွင် ပြသနေသော ရုပ်သံဇာတ်လမ်းအား ကြည့်ချင်ကြောင်း၊ ခဏနေမှ ဆိုင်ကိုသွားမည်ဖြစ်ကြောင်း နှင့် အဆိုပါနေရာမှာပင် ထားခဲ့စေလိုကြောင်း မောင်ဝေလင်းအောင်မှ ပြောကြားသည်ဖြစ်တာကြောင့် ကျောက်တိုင်ရှေ့မှာပင် ထားခဲ့ကြောင်းကို ပျောက်ဆုံးချိန် ကာလအတွင်းက အကြောင်းအရာများကို မိခင်ဖြစ်သူ ဒေါ်ညွှန့်ကြည်၏ ပြောကြားချက်အရ သိရသည်။

ထိုအချိန်မှစ၍ မိဘများ၏ သစ်သီးဆိုင်သို့ ရောက်ရှိလာခြင်းမရှိတာကြောင့် ဇူလိုင်လ ၂၄ရက်နေ့က မြို့နယ်ရဲစခန်းသို့ သွားရောက် အသိပေးအကူအညီတောင်းခံထားကြောင်း သိရသည်။

"ကျောင်းပိတ်တဲ့ ရက်မို့ အိမ်မှာ ပြန်အိပ်ခိုင်းတာ၊ အန်တီတို့က ဆိုင်မှာပဲအိပ်တယ်၊ ကျောင်းဖွင့်တဲ့ ရက်ဆိုရင် ကျောင်းသွားရတာ အဆင်ပြေအောင်လို့ ဆိုင်မှာပဲ ခေါ်အိပ်တယ်၊ ခုလည်း ကျောင်းဖွင့်ရက်မှာ ကျောင်းသွားလွယ်အောင်လို့ ဆိုင်လာခိုင်းလိုက်တာ ၂၂ရက်နေ့က ပျောက်တာတောင် အန်တီမသိသေးဘူး၊ ဆိုင်ကို မလာတော့ အိမ်မှာပဲ အိပ်တယ်ထင်နေတာ၊ နောက်ရက် ကျောင်းမလာတာ သိရတော့တဲ့ အခါမှ ပျောက်နေတယ်ဆိုတာ သိရတာပါ၊ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိတော့ပါဘူး၊ ကူညီနိုင်သူများ ကူညီပေးကြပါရှင်"ဟု မိခင်ဖြစ်သူ ဒေါ်ညွှန့်ကြည်မှ တာချီလိတ်အွန်လိုင်းသို့ ပြောကြားလာသည်။

ပျောက်ဆုံးနေသော အသက် ၁၃နှစ်အရွယ် မောင်ဝေလင်းအောင်သည် လက်ရှိတွင် တာချီလိတ်မြို့ အခြေခံပညာအထက်တန်းကျောင်း ( ၈-တန်း G )တွင် ပညာသင်ကြားသော ကျောင်းသားတစ်ဦးဖြစ်ပြီး မိဘများမှာ ဦးခင်အောင်သက် နှင့် ဒေါ်ညွှန့်ကြည်ဖြစ်ရာ မောင်နှမ ၆ဦးရှိကြောင်း သိရသည်။

ပျောက်ဆုံးနေသော အသက် ၁၃နှစ်အရွယ် မောင်ဝေလင်းအောင်အား တွေ့ရှိပါက အောက်ပါ ဆက်သွယ်ရန် လိပ်စာသို့ အသိပေးအကြောင်းကြား နိုင်ပါသည်။

မြန်မာဖုန်း ။       ။ 084-52560
ထိုင်းဖုန်း။       ။ 090 6724172
ဧရာဝတီဘဏ် ဘယ်ဘက်ဘေး၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီး ၊ တာချီလိတ်မြို့။