မြန်မာ-ထိုင်း နယ်စပ်ဂိတ်များတွင် ပတ်စပိုစ့် ဗီဇာဖြင့် ၀င်/ထွက်သွားခွင့်နှင့် ပတ်သက်၍ တာချီလိတ်ခရိုင်လ၀က ဒုတိယညွှန်ကြားရေးမှူးအား တွေ့ဆုံမေးမြန်း

မြန်မာ-ထိုင်း နယ်စပ်ဂိတ်များတွင် ပတ်စပိုစ့် ဗီဇာဖြင့် ၀င်/ထွက်သွားခွင့်နှင့် ပတ်သက်၍ တာချီလိတ်ခရိုင်လ၀က ဒုတိယညွှန်ကြားရေးမှူးအား တွေ့ဆုံမေးမြန်း
သြဂုတ် 30, 2013
By Tachileik News Agency

သြဂုတ်လ ၂၈ရက်၊ နံနက် ၈နာရီအချိန်က မြန်မာ - ထိုင်း နယ်စပ်စခန်းများမှ ဗီဇာဖြင့် ၀င်/ထွက် လာသွားခွင့်ပြုခြင်းအဖြစ် ဖွင့်ပွဲအခမ်းအနားကို တာချီလိတ်-မယ်ဆိုင်၊ မြ၀တီ-မဲဆောက်၊ ကော့သောင်း-ရနောင်း နှင့် ထီးခီး-နာဖူရွန်တို့တွင် တပြိုင်နက် ပြုလုပ်ကျင်းပခဲ့ရာ  မြန်မာ - ထိုင်း နယ်စပ်စခန်းများမှ ပတ်စပိုစ့် ဗီဇာဖြင့် သွားလာမှုနှင့်ပတ်သက်၍ သြဂုတ်လ ၂၈ ရက်နေ့ ညနေပိုင်းက လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှ တာချီလိတ်ခရိုင်လ၀က ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စွာလွင်ထံ တာချီလိတ်အွန်လိုင်းမှ သွားရောက်တွေ့ဆုံ၍ သိလိုသည်များကို အောက်ပါအတိုင်း မေးမြန်းထားတာဖြစ်ပါသည်။

တာချီလိတ်အွန်လိုင်း ။        ။ အန်ကယ်ရဲ့ အမည်နဲ့ ရာထူးကိုလည်း သိပါရစေခင်ဗျ၊

ဦးကျော်စွာလွင် ။          ။  အန်ကယ်က ဦးကျော်စွာလွင်ပါ၊ ဒုတိယညွှန်ကြားရေးမှူး တာချီလိတ်ခရိုင်လ၀က ဦးစီးဌာနမှူးပါ။

တာချီလိတ်အွန်လိုင်း ။        ။ ထိုင်းနိုင်ငံ နယ်စပ်စခန်းတွေမှာပေါ့နော်၊ ပတ်စပိုစ့် ဗီဇာတွေနဲ့ ပြည်တွင်း/ပြည်ပ၊ တာချီလိတ်ကနေလည်း ၀င်/ထွက်လုပ်လို့ရတယ်၊ မယ်ဆိုင်ကနေလည်း ၀င်/ထွက်လုပ်လို့ရတယ်၊ အဲ့လို ၀င်/ထွက်လုပ်လို့ရတဲ့အချိန်မှာ ဘာအထောက်အထားတွေလိုလဲ၊ ဒါမှမဟုတ် တာချီလိတ်ကနေ သွားမယ်ဆို ဘာအထောက်အထားတွေလိုလဲဆိုတာကို အနည်းအငယ် သိချင်လို့ခင်ဗျ၊

ဦးကျော်စွာလွင် ။          ။  ကျွန်တော်တို့ အခုလောလောဆယ်၊ နှစ်နိုင်ငံ ဒီနေ့ မနက်က ဖွင့်ပွဲမှာလည်း ဒါကို ပြည်သူတွေ တွေ့ရှိပြီး ဖြစ်တယ်ပေါ့နော်၊ လောလောဆယ်ကတော့ ကျွန်တော်တို့ ထိုင်းနိုင်ငံကနေပြီးတော့ မယ်ဆိုင်ကနေတဆင့် တာချီလိတ်ကို ၀င်မယ်ဆိုရင် ထိုင်းနိုင်ငံသား တတိယနိုင်ငံသား အားလုံးဟာ သူတို့ ပတ်စပိုစ့်ပါရမယ်၊ နောက်ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံရုံးက ထုတ်ပေးတဲ့ ဗီဇာပါရမယ်၊ အဲ့ဒါဆို ကျွန်တော်တို့ ၀င်ခွင့်ပေးတယ်၊ အရင်တုန်းက ကျွန်တော်တို့က ဆောင်ရွက်ခဲ့တဲ့ နည်းစနစ်ကတော့ ထိုင်းနိုင်ငံသားနဲ့ တတိယနိုင်ငံသားတွေ ပတ်စပိုစ့်ပါတယ်ဆိုရင် ကျွန်တော်တို့က တစ်ယောက်ကို အမေရိကန် ဒေါ်လာ ၁၀ ဒေါ်လာကောက်တယ်၊ ကောက်ပြီးလို့ရှိရင် ကျွန်တော်တို့က ကျိုင်းတုံ - မိုင်းလား - မိုင်းဖြတ် သွားခွင့်ပေးတယ်၊ ဒီဟာကတော့ ကျွန်တော်တို့က ဒုတိယအဆင့်အနေနဲ့ မြှင့်တင်တဲ့ လုပ်ငန်းစဉ်တစ်ခုပဲဖြစ်ပါတယ်၊ နောက် မြန်မာပြည်ဘက်က နေပြီးတော့ ထိုင်းနိုင်ငံဘက်ကို သွားတဲ့အခါမှာလည်း မြန်မာနိုင်ငံသားတွေအနေနဲ့ ရန်ကုန်မှာရှိတဲ့ ထိုင်းသံရုံးမှာ ဗီဇာသွားယူရပါတယ်၊  အဲ့ဒါတော့ မြန်မာနိုင်ငံသားတွေအတွက် မြန်မာ ပတ်စပိုစ့်နဲ့ ထိုင်းဗီဇာပါတယ်ဆိုရင် ထိုင်းနိုင်ငံဘက်ကို သွားလို့ရပါတယ်၊ ဒါတွေကို ကျွန်တော်တို့ စတင်ဖွင့်လှစ်ခြင်းပဲ ဖြစ်ပါတယ်။

တာချီလိတ်အွန်လိုင်း ။        ။ ဟုတ်ကဲ့၊ ဒီနေ့လိုပဲ ဖွင့်ပွဲမျိုးပေါ့နော်၊ တာချီလိတ်လိုမျိုး အခြား ထိုင်းနယ်စပ်စခန်းတွေမှာလည်း လုပ်တယ်လို့သိရပါတယ်၊ ဂိတ်ဘယ်နှစ်ဂိတ် ရှိလဲဆိုတာကိုလဲ သိပါရစေခင်ဗျ၊

ဦးကျော်စွာလွင် ။          ။  ဒီနေ့ ၂၈.၈.၂၀၁၃ရက်နေ့ ပေါ့နော်၊ နံနက် ၈ နာရီမှာ ထိုင်းနိုင်ငံနဲ့ ထိစပ်နေတဲ့ နယ်စပ်ဂိတ် ၄ ဂိတ် ဖွင့်ပါတယ်၊  တာချီလိတ်ရယ်၊ မြ၀တီရယ်၊ ကော့သောင်းရယ်၊ ထီးခီပါ၊ အားလုံး ၄ နေရာ တပြိုင်နက် ဖွင့်လှစ်ခြင်းဖြစ်ပါတယ်၊

တာချီလိတ်အွန်လိုင်း ။        ။ ဖွင့်ပွဲအခမ်းအနား ဒီနေ့မှာ စစလုပ်တယ်ပေါ့နော်၊ အဲ့လို စစလုပ်တဲ့နေ့မှာ ညနေအထိ အ၀င်/အထွက် ဘယ်နှစ်ဦးလောက်ရှိပြီလဲ၊ အဲ့လို အ၀င်အထွက်တွေမှာ ဘယ်နိုင်ငံသားတွေ က အ၀င်/အထွက်ရှိလဲဆိုတာကိုလည်း တစ်ချက်လောက် ရှင်းပြပေးပါခင်ဗျ၊

ဦးကျော်စွာလွင် ။          ။  ဒီနေ့ညနေထိ စုစုပေါင်း ၄ ဦးအ၀င်အထွက်ရှိပါတယ်၊ ထိုင်းနိုင်ငံကနေ
ဝင်လာတာကတော့ နယ်သာလန်နိုင်ငံသား တစ်ဦးရယ်၊ အီတလီနိုင်ငံသား တစ်ဦးရယ်၊ မြန်မာနိုင်ငံဘက်ကနေ ထိုင်းနိုင်ငံဘက်ကို ထွက်သွားတာကတော့ သြစတေးလျားနိုင်ငံသား နှစ်ဦး စုစုပေါင်း ဒီနေ့ညနေ  ၄ ဦးရှိပါပြီ။

တာချီလိတ်အွန်လိုင်း ။        ။ အခုလိုမျိုး မြန်မာနိုင်ငံကနေပြီးတော့ ထိုင်း-မြန်မာနယ်စပ်မှာပေါ့နော် မြန်မာနိုင်ငံကနေ ဆောင်ရွက်တာနဲ့ပတ်သက်ပြီး တစ်ဘက်ထိုင်းနိုင်ငံကရော ဘယ်လိုစိတ်ဝင်စားမှုရှိလဲ၊
နောက်ပြီး သူတို့အနေနဲ့ကရော ဘယ်လိုမျိုး ပူးပေါင်းဆောင်ရွက်ဖို့အတွက်တွေကို ကမ်းလှမ်းတာရှိလဲ ဆိုတာကိုလည်း သိပါရစေဗျ၊

ဦးကျော်စွာလွင် ။          ။  ဟုတ်ကဲ့၊ စိတ်ဝင်စားမှုရှိပါတယ်၊ ဖွင့်ပွဲအခမ်းအနားမှာ  ပထမဦးဆုံး
နှစ်နိုင်ငံနယ်ခြားကော်မတီက ဖိတ်စာ ၃၀၊ ကုန်သည်ကြီးတွေကနေပြီးတော့ ဖိတ်စာ ၂၀၊ ဖိတ်ကြားဖို့အတွက် ကျွန်တော်တို့ကို လာကမ်းလှမ်းပါတယ်၊ ကျွန်တော်လည်း ဖိတ်စာပေးပါတယ်၊ ၅၀ လောက် လာမယ် တွက်တာပေါ့၊ တကယ့်တကယ်ကျတော့ ၈၀ ကျော် တက်ပါတယ်၊ နောက်ပြီးတော့လည်း ဒီဖက်နိုင်ငံက ဆောင်ရွက်တဲ့ ကိစ္စတွေကိုလည်း သူတို့အနေနဲ့ မကြာမီရက်အတောအတွင်းမှာ ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးတို့၊ ထိုင်းနိုင်ငံ အကောက်ခွန်တို့၊ ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့တို့ကနေပြီးတော့ ကျွန်တော်တို့နိုင်ငံရဲ့ ဒီလိုဖွင့်ပြီးတဲ့နောက်ပိုင်းမှာ ဆောင်ရွက်တဲ့ ကိစ္စတွေကိုလည်း လိုအပ်လို့ရှိရင် သူတို့က အချိန်မရွေးကူညီမယ်ဆိုတဲ့ အကြောင်း၊ သူတို့ဘက်က လိုအပ်ချက်တွေရှိတယ်ဆိုရင်လည်း သူတို့ကို လမ်းညွှန်ပေးဖို့ဆိုတဲ့အကြောင်း၊ ဒီဟာတွေနဲ့ ပတ်သက်ပြီးတော့ ရှေ့ဆက်ပြီးတော့ နှစ်နိုင်ငံချစ်ကြည်ရေးကို ဒီ့ထက်ပို အဆင်ပြေချောမွေ့အောင် အ၀င်/အထွက်ကိစ္စနဲ့ ဆောင်ရွက်သွားမယ်လို့ ဆိုတဲ့ စကားတွေလည်း မနက်က ဖွင့်ပွဲမှာ ကမ်းလှမ်းသွားပါတယ်၊

တာချီလိတ်အွန်လိုင်း ။        ။ အခုလို ဖွင့်လှစ်ခြင်းနဲ့ပေါ့နော်၊ ယခင်ကတော့ ရန်ကုန်မှာ ဆိုက်ရောက်ဗီဇာ ထုတ်ပေးပြီးတော့ ဆောင်ရွက်နေတာပေါ့နော်၊ အဲ့ဒါနဲ့ပတ်သက်ပြီး နိုင်ငံပေါင်း ဘယ်နှစ်နိုင်ငံကို ဆောင်ရွက်ပေးထားပြီဆိုတာကိုလည်း သိပါရစေခင်ဗျ။

ဦးကျော်စွာလွင် ။          ။  ၁.၆.၂၀၁၂ခုနှစ်က ဆိုရင် နိုင်ငံပေါင်း ၂၆ နိုင်ငံ၊ ၁.၂.၂၀၁၃ခုနှစ်မှာတော့ နိုင်ငံပေါင်း ၂၄ နိုင်ငံ စုစုပေါင်း နိုင်ငံပေါင်း ၅၀ ဖွင့်လှစ်ထားပြီးဖြစ်ပါတယ်။

တာချီလိတ်အွန်လိုင်း ။        ။ ဟုတ်ကဲ့၊ ကျွန်တော်တို့ ကြားနေတာက ဗီဇာကင်းလွတ်ခွင့်ပေါ့နော်၊ အဲ့လို ဗီဇာကင်းလွတ်ခွင့် ပေးထားတာနဲ့ပတ်သက်ပြီးတော့ ဘယ်လိုလူမျိုးတွေကို ပေးတာလဲ၊ ဘယ်နိုင်ငံတွေကို ပေးတာလဲဆိုတာကိုလည်း သိပါရစေခင်ဗျ၊

ဦးကျော်စွာလွင် ။          ။  ဗီဇာကင်းလွတ်ခွင့်နဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ သံတမန်နိုင်ငံကူးလက်မှတ်နဲ့ အထူးနိုင်ငံကူးလက်မှတ်တွေကိုတော့ ဗီဇာကင်းလွတ်ခွင့်ပေးထားပါတယ်၊ စုစုပေါင်း နိုင်ငံပေါင်း ၁၇ နိုင်ငံရှိတယ်၊ ဒါတွေကတော့ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ စင်္ကာပူ၊ မလေးရှား၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ဘရူနိုင်း၊ တရုတ်၊ မြောက်ကိုရီးယား၊ သီရိလင်္ကာ၊ အိန္ဒိယ၊ ရုရှား၊ ဘင်္ဂလားဒေ့ရှ်၊ တောင်ကိုရီးယား၊ ဗီလာရု အစရှိတဲ့ ၁၇နိုင်ငံပဲဖြစ်ပါတယ်၊

တာချီလိတ်အွန်လိုင်း ။        ။ ဟုတ်ကဲ့၊ အများသိချင်တဲ့ မေးခွန်းတစ်ခုကပေါ့နော်၊ ကျွန်တော်တို့ ဒီ တာချီလိတ်ကနေ စင်္ကာပူသွားချင်တာပေါ့၊ စင်္ကာပူသွားချင်တဲ့အခါမှာ ရန်ကုန်ကနေ သွားရင် တဆင့်ဆိုတော့ ကုန်ကျစရိတ်တွေက အများကြီးကုန်ကျတယ်ပေါ့နော်၊ သက်လည်းသက်သာအောင်ဆိုပြီးတော့ နောက်ပြီး ခုထိ ခွင့်ပြုချက်လည်းရသွားပြီးဆိုတော့ တာချီလိတ်ကနေ စင်္ကာပူသွားမယ်ဆိုရင် ဘယ်အချက်အလက်တွေလိုလဲဆိုတာကို သိပါရစေ၊

ဦးကျော်စွာလွင် ။          ။  ကျွန်တော်တို့ ဒီနေ့ဖွင့်လှစ်တဲ့အခမ်းအနားကတော့ မြန်မာ-ထိုင်း နှစ်နိုင်ငံနဲ့ တတိယနိုင်ငံသားတွေအတွက် ပတ်စပိုစ့် ဗီဇာနဲ့ အ၀င်/အထွက်ခွင့်ပြုတဲ့ ဖွင့်ပွဲပဲဖြစ်တယ်၊ တကယ်ကျတော့ ကျွန်တော်တို့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေက မြန်မာပတ်စပိုစ့်နဲ့ ထိုင်းဗီဇာပါလို့ရှိရင် ကျွန်တော်တို့ဘက်က အထွက်တုံးရိုက်နိပ်ပေးလိုက်လို့ရှိရင် မယ်ဆိုင်ကို ရောက်သွားမှာဖြစ်တယ်၊ အဲ့ဒီကနေပြီးတော့ သူက ဘန်ကောက်ဆက်သွားပြီးတော့ ဘန်ကောက်မှာရှိတဲ့ စင်္ကာပူသံရုံးမှာ စင်္ကာပူနိုင်ငံကို ဆက်သွားဖို့အတွက် စင်္ကာပူဗီဇာထပ်ယူရပါတယ်၊ ဒါမှမဟုတ်လို့ရှိရင်လည်း မြန်မာပြည်ကနေပြီးတော့ ဘန်ကောက်နဲ့စကာင်္ပူသွားဖို့အတွက် ထိုင်းဗီဇာရော စင်္ကာပူဗီဇာရော နှစ်ခုလုံး ယူသွားပြီး ထွက်ရင်လည်း အဆင်ပြေပါတယ်၊

တာချီလိတ်အွန်လိုင်း ။        ။ ဟုတ်ကဲ့၊ ဥပမာအနေဖြင့် ကျွန်တော့်မှာ ပတ်စပိုစ့်စာအုပ်ရှိတယ်၊ ကျွန်တော်က ထိုင်းနိုင်ငံ ဘန်ကောက်ထဲသွားချင်တာ၊ အဲ့လိုသွားချင်တော့ ဗီဇာယူရမယ်ပေါ့နော်၊ ရန်ကုန်မှာ သွားယူမယ်ဆိုရင် တာချီလိတ်နဲ့ရန်ကုန် လေယာဉ်ခတင် အသွားအပြန် တွက်ကြည့်လိုက်ရင်
၂သိန်းခွဲဝန်းကျင်လောက် ကျတယ်ပေါ့နော်၊ ကျွန်တော်တို့အနေနဲ့ သက်သာပြီးတော့ရော သက်သာတဲ့ နည်းလမ်းနဲ့ရော ဗီဇာယူလို့ရတာမျိုးရော ရှိလားပေါ့နော်၊ အဲ့ဒါလေးလည်း သိပါရစေဗျ။

ဦးကျော်စွာလွင် ။          ။  ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေအတွက် မြန်မာပတ်စပိုစ့်ရှိပြီပေါ့၊
မြန်မာပတ်စပိုစ့်ရှိပြီးတော့ ထိုင်းဘက် မယ်ဆိုင်ကို သွားဖို့ဆိုရင်တော့ ထိုင်းဗီဇာလိုပြီ၊ ထိုင်းဗီဇာကို ရန်ကုန်မှာ ရှိတဲ့ ထိုင်းနိုင်ငံ သံရုံးမှာ သွားပြီး ယူရမှာ၊ အဲ့တော့ အသွားအပြန် လေယာဉ်လက်မှတ်ခက ၂သိန်းကျော်လောက် ကုန်မှာမို့ ဒီမေးခွန်းမေးတာပေါ့နော်၊ အဲ့တော့ ဒီမှာတော့ ကျွန်တော်တို့ မနေ့တနေ့ကလည်း အစည်းအဝေးတွေ လုပ်တယ်ပေါ့နော်၊ အစည်းအဝေးလုပ်တဲ့အခါမှာ ဒီမှာရှိတဲ့ ဟိုတယ်လုပ်ငန်းရှင်တွေ၊ ခရီးသွားလုပ်ငန်းရှင်တွေ အဲ့ဒီလုပ်ငန်းရှင်တွေ အားလုံးကနေပြီး အေးဂျင့်(Agents)ပေါ့၊ သူတို့ အေးဂျင့်ယူပြီး ထိုင်းသံရုံးနဲ့ ဆက်သွယ်ထားပါတယ်၊ ထိုင်းသံရုံးကနေပြီး ဒီအေးဂျင့်ကိုပေါ့ ဒီလိုမျိုး လူမပါပဲနဲ့ စာအုပ် ၅၀ မျိုး၊ ၁၀၀ မျိုး အစရှိတာမျိုး ရန်ကုန်မှာ ရှိတဲ့ ထိုင်းသံရုံးမှာ ဗီဇာယူလို့ ထိုင်းသံရုံးက ခွင့်ပြုမယ်ဆိုရင်တော့ ဒီက အေးဂျင့်တွေကို အပ်လို့ရပါတယ်၊

တာချီလိတ်အွန်လိုင်း ။        ။ ဟုတ်ကဲ့.. အခုလိုအများသိအောင် ရှင်းပြပေးတဲ့အတွက်
ကျေးဇူးတင်ပါတယ်ခင်ဗျာ..။

ဦးကျော်စွာလွင် ။          ။  ကျွန်တော်ကလည်း ကျေးဇူးအထူးတင်ရှိပါတယ်။

သြဂုတ်လ ၂၈ရက် နံနက်ပိုင်းက ဖွင့်လှစ်သော ဖွင့်ပွဲအခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သူက "လုပ်ငန်းစတင်ဆောင်ရွက်ချိန်မှာတော့ ထိုင်းနဲ့ တတိယနိုင်ငံသားများ အပါအဝင် Passport Visa ပါရှိသူတွေဟာ အနည်းငယ်သာ ဝင်ရောက်လာမယ်လို့ ထင်ရပေမယ့် ပွင့်လင်းရာသီ ရောက်တော့မှာ ဖြစ်လို့ နိုင်ငံခြားသားတွေဟာ ထင်ထားတာထက် ပိုမိုဝင်ရောက်လာမယ်ဆိုတာကိုလည်း အလေးအနက်ယုံကြည်ထားတယ်။ တာချီလိတ်ခရိုင်အတွင်းက တာချီလိတ်၊ တာလေ၊ ကျိုင်းလပ်စတဲ့ မြို့နယ်တွေဟာ လွတ်လပ်စွာ သွားလာနိုင်ခွင့်ရှိလို့ ဒီဒေသဟာ ခရီးသွားလုပ်ငန်း မကြာမီ အဆင့်မြင့်မားလာမှာ ဧကန်မလွဲဘဲ ဖြစ်တယ်။ လုပ်ငန်းလုပ်ဆောင်မှုအနေနဲ့ ပြောရရင် Passport နဲ့ Visa ပါတဲ့ နိုင်ငံခြားသားတွေဟာ ၄င်းတို့မှာ Visa ပါတဲ့အတွက် မည်သည့် အခွန်အခမှ ကောက်ခံမှာ မဟုတ်ဘူး၊ ဝင်လာတဲ့ နိုင်ငံခြားသားတွေရဲ့ Passport ကို Scan ဖတ်မယ်။ Camera နဲ့ ဓာတ်ပုံရိုက်မယ်၊ အချက်အလက်တွေကို Computer မှာ Save လုပ်၊ အဝင်တံဆိပ် ရိုက်နှိပ်ပေးပြီး ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း သတ်မှတ်ချက်ရှိတဲ့ ခွင့်ပြုဒေသအားလုံးကို သွားခွင့်ပေးသွားမှာဖြစ်တယ်။
                   ပြန်လည်ထွက်ခွာတဲ့အခါ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကဘဲ ပြန်ပြန်၊ မြဝတီကဘဲ ပြန်ပြန်၊ မူဆယ်ကဘဲ ထွက်ထွက်၊ ပြန်ထွက်ချင်တဲ့နေရာက ထွက်နိုင်အောင်လို့ စီစဉ်ပေးထားတာဖြစ်တယ်။
ထို့အတူဘဲ မြဝတီ၊ ကော့သောင်း၊ ထီးခီးနဲ့ တရားဝင်သတ်မှတ်ထားတဲ့ ဝင်ပေါက်က ဝင်ရောက်လာတဲ့ နိုင်ငံခြားသားတွေကိုလည်း တာချီလိတ်ကနေ ပြန်လည် ထွက်ခွင့်ပေးသွားမှာဖြစ်တယ်၊ ပြန်လည်ထွက်ခွာတဲ့အခါမှာ သတ်မှတ်ထားတဲ့ Visa သက်တမ်းရှိ/မရှိနှင့် ကျော်လွန်နေထိုင်ခဲ့လျှင် တစ်ရက်ကို အမေရိကန်ဒေါ်လာ (၃)ဒေါ်လာ ကောက်ခံပြီး အထက်ပါ လုပ်ငန်းစဉ်အတိုင်းဘဲ Passport ကို Scan ဖတ်မယ်၊ Camera နဲ့ ဓာတ်ပုံရိုက်မယ်၊ အချက်အလက်တွေကို Computer မှာ Save လုပ်၊ အထွက် တံဆိပ်ရိုက်နှိပ်ပေးပြီး ထိုင်းနိုင်ငံ၊ မယ်ဆိုင်ဘက်ကို ထွက်ခွာခွင့်ပေးသွားမှာ ဖြစ်တယ်။
နောက်ထပ် မိမိနိုင်ငံသားတွေအတွက် အခွင့်အရေးတစ်ခုအနေနဲ့ မြန်မာနိုင်ငံသားတွေ မြန်မာ Passport လက်ဝယ်ရှိပြီး Thai Visa ရထားပြီးရင် တစ်ဖက်နိုင်ငံကို ယခုလို ဝင်/ထွက်ပေါက်တွေက လွတ်လွတ်လပ်လပ် ဝင်/ထွက် သွားလာခွင့်ကိုလည်း ယခုကတည်းက စတင် ဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်၊ ဥပမာအနေနဲ့ ပြောရရင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ Thai Visa နဲ့ထွက်သွားပြီး မယ်ဆိုင်ကဘဲ ပြန်ဝင်ဝင်၊ မယ်ဆိုင်ကနေ Thai Visa နဲ့ထွက်သွားပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကဘဲ ပြန်ဝင်ဝင်၊ ဝင်ထွက်ခွင့်ပေးသွားမှာ ဖြစ်တယ်၊ ဝင်/ထွက် လုပ်ငန်းစဉ်ကတော့ အထက်မှာ ရှင်းသွားတဲ့အတိုင်းဘဲဖြစ်တယ်။"ဟု ရှင်းလင်းပြောကြားသွားခဲ့ကြောင်း သိရှိရသည်။

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/TachileikNews
Email: [email protected]
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

Flag Counter