ထိုင်းနိုင်ငံ ချင်းရိုင်းမြို့တွင် မဲခေါင်မြစ်ဝှမ်းဒေသ (၆)နိုင်ငံ အပျော်တမ်း အားကစားပြိုင်ပွဲကို ဇွန်လ(၄)ရက်နေ့မှ (၈)ရက်နေ့ထိ ကျင်းပပြုလုပ်နေသည်ဖြစ်ရာ ဇွန်လ(၆)ရက်နေ့ နံနက်(၁၀)နာရီတွင် ကျင်းပပြုလုပ်သော မြန်မာ နှင့် ထိုင်း ဘောလုံးပွဲအား အားပေးနိုင်ရန်အတွက် တာချီလိတ်မြို့ရှိ အားကစားဝါသနာရှင် (၉၀)ဦးအား အကန့်အသတ်ဖြင့် တာချီလိတ်မြို့မှ တဆင့် ထိုင်းနိုင်ငံ ချင်းရိုင်းမြို့သို့ အသွားအပြန် စားရိတ်ငြိမ်း တစ်ရက်တာ ခရီးစဉ်ကို တာချီလိတ်မြို့မှ သက်ဆိုင်ရာတာဝန်ရှိသူများက ပို့ဆောင်ပေးခဲ့ကြရာ တာချီလိတ်မြို့ရှိ အားကစားဝါသနာရှင်များမှ သွားရောက်အားပေးခဲ့ကြသည်။
မဲခေါင်မြစ်ဝှမ်းဒေသအတွင်းရှိ မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် နှင့် တရုတ်နိုင်ငံတို့ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု ပိုမိုရှိလာရန်အတွက် မဲခေါင်မြစ်ဝှမ်းဒေသ အပျော်တမ်းအားကစားပြိုင်ပွဲကို ကျင်းပလာခဲ့သည်မှာ (၉)ကြိမ်မြောက်ပြီဖြစ်ပြီး ပြိုင်ပွဲတွင် မြို့ခံ အားကစားသမားများဖြင့်သာ ယှဉ်ပြိုင်ကြတာဖြစ်ကြောင်း သိရသည်။
၂၀၁၃ခုနှစ် (၉)ကြိမ်မြောက်တွင် ထိုင်းနိုင်ငံ ချင်းရိုင်းမြို့၌ ကျင်းပပြုလုပ်ရာ တာချီလိတ်မြို့မှ အားကစားသမားများ သွားရောက် ယှဉ်ပြိုင်ရာ ဇွန်လ(၅)ရက်နေ့ နံနက်(၁၀)နာရီက မြန်မာ-တရုတ် ဘောလုံးပွဲတွင် တရုတ်နိုင်ငံမှ (၂)ဂိုး(၁)ဂိုးဖြင့် အနိုင်ရရှိသွားပြီး ယနေ့ ဇွန်လ(၆)ရက်နေ့၌လည်း မြန်မာ နှင့် ထိုင်း ဘောလုံးကန်ရာ ထိုင်း မှ (၆)ဂိုး (၁)ဂိုးဖြင့် အနိုင်ရရှိသွားသည်။ ဆက်လက်၍ နေ့လည်(၁)နာရီအချိန်တွင် ပိုက်ကျော်ခြင်း ကစားရာမှာလည်း ကမ္ဘောဒီးယား ကို ရှုံးနိမ့်သွားကြောင်း သိရသည်။
ယနေ့ အားကစားပွဲစဉ်သို့ တာချီလိတ်မြို့မှ လာရောက်အားပေးကြသော အားကစားဝါသနာရှင်(၉၀)ဦးအား မြန်မာဘက်မှာ သက်ဆိုင်ရာတာဝန်ရှိသူများက ဘောလုံးပွဲနှင့်ပိုက်ကျော်ခြင်း ကစားသည့်နေရာများသို့ လိုက်လံပို့ဆောင်ပေးပြီးနောက် နေ့လည်စာကျွေးမွေးကာ ချင်းရိုင်းမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သော ကျောင်းဖြူ သို့ လည်း လိုက်လံပို့ဆောင်ပေးခဲ့ကြသည်။
တာချီလိတ်မြို့မှ အားကစားဝါသနာရှင်များအား အဆိုပါ ခရီးစဉ်၏ တာဝန်ခံတစ်ဦးဖြစ်သူ ကိုစည်သူမှ ဦးဆောင်ကာ ပို့ဆောင်ပေးပြီး ညနေ(၄)နာရီအချိန်တွင် ချင်းရိုင်းမြို့မှ တာချီလိတ်မြို့သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
ယခုကျင်းပပြုလုပ်သော အပျော်တမ်းအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြု အားကစားအဖွဲ့၌ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်မှတ်ပုံတင်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စွာလွင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူးတို့ ခေါင်းဆောင်ကာ အားကစားသမား (၃၂)ဦးတို့ ပါဝင်ယှဉ်ပြိုင်ကြတာဖြစ်ကြောင်း သိရသည်။
ပုံများကိုကြည့်ရန်