တာချီလိတ်မြို့နယ်တွင် ဧရာဝဏ်စာစီစာကုံးဆုနှင့် ရသစာတမ်းဆုချီးမြှင့်ပွဲကျင်းပ

တာချီလိတ်မြို့နယ်တွင် ဧရာဝဏ်စာစီစာကုံးဆုနှင့် ရသစာတမ်းဆုချီးမြှင့်ပွဲကျင်းပ
သြဂုတ် 6, 2012
By Tachileik News Agency

တာချီလိတ်မြို့နယ် အ.ထ.က-ဆန်ဆိုင်း ခန်းမ၌် ၃.၈.၂၀၁၂ မွန်းလွဲ(၁း၀၀)နာရီတွင် ဧရာဝဏ်စာစီစာကုံးနှင့်ရသစာတမ်း ဆုချီးမြှင့်ပွဲကျင်းပခဲ့ပါသည်။


အဆိုပါအခမ်းအနားသို့ မြို့နယ်ပညာရေးမှူးနှင့် ဌာနဆိုင်ရာများ၊ မြို့နယ်စာရေးဆရာအသင်း
မှတာဝန်ရှိသူများ၊ မြို့နယ်အတွင်းရှိ ကျောင်းအုပ်ကြီးများနှင့်ဆရာဆရာမများ၊ ဆုရဆရာ/မများ၊ ကျောင်းသား ကျောင်းသူများ ကျောင်းအကျိုးဆောင်အဖွဲ့များ၊ မိဘပြည်သူများတက်ရောက်ခဲ့ပါသည်။



ဧရာဝဏ်ပြိုင်ပွဲများအား ပညာရေးဝန်ကြီးဌာနအစီအစဉ်ဖြင့်ဆောင်ရွက်ခဲ့ရာ ယခု(၂၀၁၂-၂၀၁၃)ပညာသင်နှစ်တွင်ဒုတိယအကြိမ်အဖြစ် ကျင်းပခဲ့ခြင်းဖြစ်ပါသည်။ မေးခွန်းများအား ထိပ်တန်းလျှို့ဝှက်စနစ်ဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကဲ့သို့ စနစ်တကျ ကြီးကြပ် စစ်ဆေးခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။

ဖြေဆိုသူများတွင် မူလတန်းဆရာဆရာမအဆင့်၊ မူလတန်းအထက်ဆင့် (ကျောင်းသား)၊ အလယ်တန်းအောက်ဆင့်(ကျောင်းသား)၊ အလယ်တန်းအထက်ဆင့်(ကျောင်းသား)၊ အထက်တန်းဆင့် (ကျောင်းသား) ဟူ၍ ပြိုင်ပွဲ(၅)မျိုးကျင်းပခဲ့ပါသည်။ ပထမ၊ ဒုတိယ၊ တတိယ ရရှိသူများအား ပြည်နယ်ပညာရေးမှူးထံပေးပို့ပြီးဗဟို အဆင့်သို့ ပေးပို့၍ ဆက်လက် ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ ယခုဆုပေးပွဲမှာ မြို့နယ်အဆင့်ဆုရရှိသူများအား ပညာရေး
ဌာနမှ ဂုဏ်ပြုဆုချီးမြှင့်ခဲ့ခြင်းဖြစ်ပါသည်။ ဆုများအား မြို့နယ်ပညာရေးမှူးနှင့်
မြို့နယ်စာရေးဆရာအသင်းဥက္ကဌနှင့် အလုပ်အမှုဆောင်အဖွဲ့များက ချီးမြှင့်ခဲ့ကြောင်း သိရှိရပါသည်။

တာချီလိတ်အွန်လိုင်းစာမျက်နှာ
www.tachileik.net