အိန္ဒိယနိုင်ငံမှ သင်တန်းတက်ရောက်ပြီးပြန်လာသည့် တပ်မတော်သားများအနက် (၃)ဦးတွင် Covid-19 ပိုး စစ်ဆေးတွေ့ရှိ
မြန်မာနိုင်ငံတွင် ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၁၁)ရက်နေ့၌ တွေ့ရသည့် အတည်ပြုလူနာ (၄)ဦးအနက် (၃)ဦးမှာ အိန္ဒိယနိုင်ငံမှ ပြန်လာသည့် တပ်မတော်သားများဖြစ်ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံတွင် သင်တန်းတက်ရောက်ပြီး ပြန်လာသည့် အရာရှိ၊ စစ်သည် (၄၈) ဦးကို ရန်ကုန်တိုင်းစစ်ဌာနချုပ်နယ်မြေ အတွင်း အသွားအလာ ကန့်သတ်သီးခြား စောင့်ကြည့်ထားပြီး ဇွန်လ (၂၇) ရက်၊ (၂၈) ရက်၊ ဇူလိုင်လ (၃) ရက်နှင့် (၄) ရက်တို့တွင် ဓာတ်ခွဲစစ်ဆေးရာမှ စစ်သည် (၈)ဦးမှာ COVID 19 ပိုးတွေ့ရကြောင်း ဓာတ်ခွဲအဖြေရထားခြင်းဖြစ်သည်။
အဆိုပါ COVID-19 ရောဂါပိုးတွေ့ခဲ့သူများနှင့် ထိတွေ့ဆက်စပ်မှုရှိခဲ့သော လေယာဉ်တစ်စီးတည်းလိုက်ပါစီးနင်းခဲ့သည့် ကျန်အရာရှိ၊ စစ်သည် (၄၀) ဦးကို သီးခြားစောင့်ကြပ်ကြည့်ရှုခြင်းများ ဆောင်ရွက်ခဲ့ပြီး ဓာတ်ခွဲစစ်ဆေးရာမှ စစ်သည် (၃)ဦးတွင် COVID 19 ပိုးတွေ့ရခြင်းဖြစ်ကြောင်း သိရသည်။
အတည်ပြုလူနာဖြစ်သွားသည့် တပ်မတော်သားများကို တပ်မတော်အသည်းရောဂါအထူးကုဆေးရုံကြီး (မင်္ဂလာဒုံ)တွင် ကုသပေးနေခြင်းဖြစ်ကြောင်း သိရသည်။
COVID-19 ရောဂါပိုးတွေ့ရှိခဲ့သည့် စစ်သည်နှင့် ဆက်စပ်ထိတွေ့မှုရှိခဲ့သူများ၊ လေယာဉ်တစ်စီးတည်းလိုက်ပါစီးနင်းခဲ့သူများကိုလည်း လိုအပ်သည့် ရောဂါရှာဖွေဖော်ထုတ်ခြင်း၊ အသွားအလာကန့်သတ်စောင့်ကြပ်ကြည့်ရှုခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားသည်။
Tachileik News Agency