ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ-တောင်ကြီး ပြည်ထောင်စုလမ်းမကြီးပေါ် ကျိုင်းတုံဒေသအတွင်း စပါယ်ရှယ်တောင်အဆင်းတွင် ခရီးသည်တင်ယာဉ်တစ်စီး ချောက်ထဲထိုးကျသွားမှုကြောင့် ခရီးသည် (၇)ဦး သေဆုံးပြီး (၂၀)ဦးကျော် ဒဏ်ရာရကြောင်း သိရသည်။
စပါယ်ရှယ်တောင်အဆင်း လက်ပံကွေ့(၁) မိုင်တိုင် အမှတ် (၃၆၆ မိုင် ၆/၇ ဖာလုံ) အကြားတွင် တာချီလိတ်မှ မန္တလေးသို့ ခရီးသည် (၃၂)ဦး တင်ဆောင်ပြီး မောင်းနှင်လာသည့် GI Express ခရီးသည်တင်ယာဉ်တစ်စီးသည် ၂၀၂၅ခုနှစ် မတ်လ (၁)ရက်နေ့ ည(၈)နာရီဝန်းကျင်အချိန်က ချောက်ထဲထိုးကျသွားခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါခရီးသည်တင်ယာဥ် ချောက်ထဲပြုတ်ကျသွားမှုကြောင့် အမျိုးသား(၅)ဦးနှင့် အမျိုးသမီး(၂)ဦး စုစုပေါင်း (၇)ဦးသေဆုံးပြီး (၂၅)ဦး ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။
ချောက်ထဲပြုတ်ကြကျသွားမှုကြောင့် ကျိုင်းတုံခရိုင်/မြို့နယ်မှ မီးသတ်တပ်ဖွဲ့ နှင့် ကျိုင်းတုံ တိုင်းနေနာရေးကူညီမှုအသင်း အပါအဝင် လူမှုကူညီရေးအသင်းအဖွဲ့များက သွားရောက်၍ ကူကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် သေဆုံးသူ၏ ရုပ်အလောင်းများကို ကျိုင်းတုံဆေးရုံရှိ ရင်ခွဲရုံတွင် ပို့ဆောင်ထားရှိကာ ဒဏ်ရာရရှိသူများမှာ ဆေးရုံတွင် ဆေးကုသမှု ခံယူနေလျှက်ရှိကြောင်း သိရသည်။
#TachileikNewsAgency
Photo : ကျိုင်းတုံပြန်/ဆက်