မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ ပါဆတ်ရပ်ကွက်ရုံးသို့ သွားသည့် လမ်းတွင် ဆိုင်ကယ်စီးလာသည့် အမျိုးသမီး(၂)ဦးထံမှ ဆိုင်ကယ် နှင့် ပိုက်ဆံအိတ်ကို ဆိုင်ကယ်စီးလာသည့် လူငယ်(၂)ဦးက လုယက်ရန် လုပ်ဆောင်ရာ ပိုက်ဆံအိတ် ပါသွားကြောင်း သိရသည်။
ယနေ့ ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ(၂၆)ရက်နေ့ ညနေ(၃)နာရီခွဲဝန်းကျင်အချိန်က အခြေခံပညာအထက်တန်းကျောင်း(ဟောင်လိတ်)မရောက်မီ လွန်းကျိုင်းဘုန်းကြီးကျောင်းဘက်မှ ပါဆတ်ရပ်ကွက်ရုံးသို့ သွားသည့်လမ်းတွင် ဖြစ်ပွားခြင်း ဖြစ်သည်။
"ဆိုင်ကယ်စီးလာတဲ့ ကောင်မလေး နှစ်ယောက်ကို ကောင်လေးနှစ်ယောက်က ညနေ(၃)နာရီခွဲလောက်က လုတာ ပိုက်ဆံအိတ်ပါသွားတယ်။ ပါဆတ်ရပ်ကွက်ရုံးသွားတဲ့ လမ်းမှာဖြစ်တာပါ။ လုတဲ့ကောင်တွေထဲက တစ်ယောက်ရဲ့ ဖိနပ်တစ်ဖက် ကျန်ခဲ့တယ်။ သူတို့က ဆိုင်ကယ်ပါ လုချင်တာ ဆိုင်ကယ်ကို ကန်တော့ ဆိုင်ကယ်က လဲမသွားလို့ အိတ်ပဲပါသွားတာ"ဟု ဒေသခံ တစ်ဦးက Tachileik News Agency သို့ ပြောပြသည်။
အမည်မသိ လူငယ်(၂)ဦးက ဆိုင်ကယ်ကိုပါ လုယူရန် ကြိုးစားသော်လည်း အထမမြောက်၍ လွယ်ထားသည့် ပိုက်ဆံအိတ်ကိုသာ လုယူပြီး ထွက်ပြေးသွားကြောင်းနှင့် လုယက်ခံရမှုကြောင့် လွယ်ထားသည့် အိတ်ထဲမှ မှတ်ပုံတင်၊ စမတ်ကတ် နှင့် ငွေ အပါအဝင် ဖုန်း တို့ ပါသွားကြောင်း သိရသည်။
"တာချီလိတ်မှာက အရင်လို လုံခြုံတော့တာမဟုတ်ဘူး။ ယုယက်မှုတွေ နေ့တိုင်းကြားနေရတယ်။ ဆိုင်ကယ်စီးရင် ပိုက်ဆံဆိတ်တွေကို လွယ်သွားတာ။ လက်ကိုင်အိတ်တွေကို ဆိုင်ကယ်ခြင်းထဲ ထည့်ပြီး မောင်းသွားတာမျိုးက စိတ်မချရဘူး။ သူတို့တွေက ဆိုင်ကယ်အနားကို ကပ်လာပြီး လုယက်လေ့ရှိတယ်။ ကျွန်မလည်း တခါခံရပြီးလို့ ဆိုင်ကယ်စီးရင် ဘယ်တော့မှ လွယ်မသွားရဲတော့ဘူး ဆိုင်ကယ် ဖင်ထိုင်ခုံ အောက်ထဲပဲ ထည့်သွားဖြစ်တော့တယ်။"ဟု လုယက်ခံရသူ အမျိုးသမီးတစ်ဦးက ပြောပြသည်။
တာချီလိတ်မြို့တွင် ဖေဖော်ဝါရီလ(၂၂)ရက်နေ့ ည(၉)နာရီ ဝန်းကျင်အချိန်က အထက(ဟောင်လိတ်)ကျောင်းရှေ့တွင် သစ်သီးရောင်းနေသည့် အမျိုးသမီးထံမှ ရွှေဆွဲကြိုး လုယက်ကာ သေနတ်ဖြင့် ပစ်ခတ်သွားမှု ဖြစ်ပွားခဲ့သလို ဖေဖော်ဝါရီလ(၂၃)ရက်နေ့ကူး နံနက်(၁)နာရီ (၄၅)မိနစ်ဝန်းကျင်အချိန်ကလည်း ဆိုင်ကယ်မောင်းလာသူအား လမ်းတွင် ဓါးပြတိုက်ကာ ဆိုင်ကယ် လုယက်သွားသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည့်အပြင် ဖေဖော်ဝါရီလ(၂၄)ရက်နေ့ ည(၆)နာရီဝန်းကျင်အချိန်က ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်း နော်ရှဲလားဟူလိုင်းခန်းအနီးတွင် ဆိုင်ကယ်မောင်းလာသည့် အသက်(၄၀)ကျော် အမျိုးသမီးကို လူငယ်(၂)ဦးက လုယက်သည့် ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့သေးသည်။
တာချီလိတ်မြို့တွင် သက်ဆိုင်ရာများက ဖမ်းဆီးအရေးယူခြင်း မရှိ၍ လုယက်မှုများမှာ အတင့်ရဲစွာ နေ့ရော ညပါ ဖြစ်ပွားနေလျှက်ရှိသည်။