ပြည်နယ်(ကျိုင်းတုံ)ရဲတပ်ဖွဲ့က ဦးဆောင်ပြီး မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ပေါ် ရပ်ကွက်အလိုက် အုပ်စုခွဲပြီး Car Showroom များတွင် လိုင်စင်မဲ့ကားများကို လိုက်လံ စစ်ဆေးကာ ဖမ်းဆီး သိမ်းဆည်းနေကြောင်း သိရသည်။
"တာချီလိတ်မှာတော့ လိုင်စင်မဲ့ကားတွေကို စဖမ်းနေပြီ။ လောလောဆယ် Car Showroom လိုနေရာတွေကို အရင် ဝင်စစ် ဝင်ဖမ်းတဲ့သဘောပါ။ ရပ်ကွက်တွေနဲ့ လမ်းပေါ်တွေမှာတော့ ဖမ်းဆီး သိမ်းဆည်းတာတွေ လုပ်မလား မလုပ်ဘူးလားဆိုတာတော့ ကျွန်တော်တို့လည်း မသိရသေးဘူး။ အခုလို သိမ်းတာတောင် ကြိုတင် သိသူ နည်းတယ်"ဟု ဖမ်းဆီးရေးတွင် ပါဝင်သည့် နယ်ခံရဲတပ်ဖွဲ့ဝင်တစ်ဦးက Tachileik News Agency သို့ ပြောသည်။
လိုင်စင်မဲ့ကားများကို ဖမ်းဆီးခြင်းအဖြစ် ယနေ့ ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ(၃)ရက်နေ့ ညနေပိုင်းကစပြီး ည(၈)နာရီကျော်အထိ Car Showroom များသို့ လိုက်လံ စစ်ဆေးပြီး လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သိရသည်၊
"IC ကားရေခုံနဲ့Showroom ကဆိုရင် အရေအတွက်များတယ်၊ ကားတွေကို စုံမီးဖွင့်ပြီး အုပ်စုလိုက် အုပ်စုလိုက် မောင်းထွက်သွားတာ။ အတော်များတယ်။ လမ်းကြားတွေထဲက Car Showroom အကုန် ဝင်စစ်ပြီး သိမ်းနေတာတွေ့ရတယ်"ဟု ဒေသခံ တစ်ဦးက ပြောပြသည်။
လိုင်စင်မဲ့ကားများကို ဖမ်းဆီးရေးအတွက် တာချီလိတ်ရဲတပ်ဖွဲ့ တစ်ဖွဲ့တည်းမဟုတ်ဘဲ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး(ကျိုင်းတုံ) ရဲမှူးကြီး သန့်ဇင်၏ ညွှန်ကြားမှုဖြင့် ကျိုင်းတုံရဲတပ်ဖွဲ့က အဓိက ဦးဆောင်ကာ တာချီလိတ်မြို့ပေါ် ရပ်ကွက်အလိုက် လိုက်လံစစ်ဆေးဖမ်းဆီးခြင်း ဖြစ်ကြောင်း သိရသည်။
"ဒီနေ့ ညနေမှာ ရပ်ကွက်အလိုက် အဖွဲ့စုံခွဲပြီး Car Showroom တွေမှာ လိုက်စစ် လိုက်သိမ်းတာ။ နယ်ခံရဲတွေ အပြင် အဓိက က ပြည်နယ်က ဆင်းလာတဲ့ ရဲတွေပါတယ်။ အဓိက ပြည်နယ်(ကျိုင်းတုံ)က ရဲတွေ ဆင်းလာပြီး လာဖမ်းကြတာ။"ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
လတ်တလောတွင် ဟောင် ကားအရောင်းပြခန်းမှ လိုင်စင်မဲ့ကား (၂)စီး၊ SKMM Car Showroom မှ လိုင်စင်မဲ့ကား (၂)စီးတို့ကို သိမ်းဆည်းပြီး AAA Car Showroom မှ (၆)စီး နှင့် FORD Car Showroom မှ ယာဉ်မျိုးစုံ (၁၅)စီးကို လိုင်စင် ရှိ မရှိ စစ်ဆေးနေကြောင်း နှင့် IC ကားရေဆေးခုံမှလည်း သိမ်းဆည်းခံရသည့်ကား အရေအတွက်များကြောင်း သိရသည်။
ဆက်လက်၍လည်း မြို့ပေါ် ရပ်ကွက်ပေါင်း (၁၁)ရပ်ကွက်များရှိ လုပ်ငန်းလိုင်စင်ရှိ Car Showroom နှင့် လုပ်ငန်းလိုင်စင်မရှိသည့် Car Showroom များတွင် စစ်ဆေးနေလျှက်ရှိကြောင်း သိရသည်။